ဘီးလင်းမြို့နယ်၊ မင်းစောရွာဘုန်းကြီးကျောင်းတွင် သံဃာတော်များကို ဆွမ်းကပ်နေစဉ် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကိုရင် ၁ ပါးနှင့် ပြည်သူ ၂ ဦး ပွဲချင်းပြီးသေဆုံး
ရန်ကုန်၊ ဧပြီ ၂၀
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ၊ မင်းစောရွာဘုန်းကြီးကျောင်းတွင် သံဃာတော်များကို ဆွမ်းကပ်နေစဉ် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဆွမ်းစားကျောင်းဆောင် တည့်တည့်ပေါ် ကျရောက် ပေါင်ကွဲခဲ့ပြီး ကိုရင် ၁ ပါးနှင့် ပြည်သူ ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း KNU ဒူးသထူခရိုင် က ထုတ်ပြန်ထားသည်။
ဧပြီလ ၁၉ ရက်နေ့၊ နံနက် ၁၁ နာရီ ၉ မိနစ်ခန့်တွင် ဘီးလင်းမြို့နယ်၊ မင်းစောကျေးရွာ ဘုန်းတော်ကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က Jet Fighter ဖြင့် ပေါင် ၅၀၀ ဗုံးသီး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်ချိန်သည် ဘုန်းတော်ကြီးများ ဆွမ်းစားနေချိန်ဖြစ်၍ ဗုံးသီးမှာလည်း ဆွမ်းစားကျောင်းဆောင် တည့်တည့်ပေါ် ကျရောက် ပေါင်ကွဲခဲ့ကာ ဆွမ်းကပ် လှူဒါန်းနေသော ကျောင်းဒါယိကာမ နော်လှမြင့် အသက် ၆၅ နှစ်၊ နော်မဝဲ အသက် ၆၀ နှစ်နှင့် ကိုရင် ရှင်ကေလာသ အသက် ၁၀ နှစ်တို့ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် နော်မုကို့ အသက် ၂၆ နှစ်၊ စောမောင်ရွှေ အသက် ၇၀ ၊ စောဂွတို အသက် ၆၂ နှစ်၊ နော်မမိုး အသက် ၂၇ နှစ်၊ စောမောင်နူ အသက် ၂၈ ၊ စောကျော်ကေ့ အသက် ၄၄ နှစ်၊ ဦးဇင်းဦးဥတ္တရ ဝါတော် ၅ ဝါ၊ ဦးဇင်း ဥူးကိတ္တိ ဝါတော် ၂ ဝါ၊ ကိုရင်ကြီး ရှင်မာနိတ ဝါတော် ၁ ဝါတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဆွမ်းစားကျောင်း ဓမ္မာရုံ နှင့် ဘုန်းကြီးကျောင်းစောင်းတန်းလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မင်းစောကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဘုန်းတော်ကြီးများနှင့် ကိုရင်များ၊ ဆွမ်းကပ်လှူဒါန်းသူ အရပ်သားများ ရှိနေသည့် ဆွမ်းစားချိန်တွင် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း KNU ဒူးသထူခရိုင် က ပြောဆိုထားသည်။


