35 C
Yangon

ကော့ကရိတ်မြို့နယ်နှင့်ကျုံဒိုးမြို့မှ စစ်ဘေးရှောင် ပြည်သူများကို စစ်ကောင်စီက လူဦးရေအလိုက် ငွေကြေးတောင်းယူပြီးမှ ဂျိုင်းတံတားကို ဖြတ်သန်းခွင့်ပေး

Must read

ကော့ကရိတ်မြို့နယ်နှင့်ကျုံဒိုးမြို့မှ စစ်ဘေးရှောင် ပြည်သူများကို စစ်ကောင်စီက လူဦးရေအလိုက် ငွေကြေးတောင်းယူပြီးမှ ဂျိုင်းတံတားကို ဖြတ်သန်းခွင့်ပေး

ရန်ကုန်၊ ဧပြီ ၂၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့်ကျုံဒိုးမြို့မှ စစ်ဘေးရှောင် ပြည်သူများကို စစ်ကောင်စီက လူဦးရေအလိုက် ငွေကြေးတောင်းယူပြီးမှ ဂျိုင်းတံတားကို ဖြတ်သန်းခွင့်ပေးနေကြောင်း စစ်ဘေးရှောင်ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း ဂျိုင်းတံတားစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်က ကော့ကရိတ်နှင့်ကျုံဒိုးဘက်မှ ထွက်ပြေး တိမ်းရှောင်လာသော စစ်ဘေးရှောင် ပြည်သူများ၏ ကားများ၊ ဆိုင်ကယ်များကိုစစ် ဆေး ပြီး လူဦးရေအလိုက် ငွေကြေးတောင်းခံကြောင်း၊ ထိုသို့ တောင်းခံပြီးမှသာလျှင် တံတားကို ဖြတ်သန်းခွင့် ပေးကြောင်း၊ စစ်ဘေးရှောင်ပြည်သူများမှာ မိသားစု အလိုက် အနည်းဆုံး ငွေကျပ် ၁ သောင်းမှ ငွေကျပ် သိန်းချီ အထိ ပေးဆောင်ရကြောင်း သိရှိရသည်။

“ကျုံဒိုး၊ ကမ်းနီ၊သရက်တောကို လက်နက်ကြီးတွေ ပစ်နေတော့ မနေရဲတော့ဘူးလေ။ ရွှေဖြူ ကျောင်းဘက်ရှောင် ဖို့ ဂျိုင်းတံတားကနေ ဟိုဘက်ထိပ်ရောက်တော့ ဂိတ်စောင့်နေတာက အရပ်ဝတ်တွေနဲ့ပဲ၊ သေနတ်တွေတော့ လွယ်ထားတယ်၊ ကားကိုစစ်တယ်၊ လိုင်စင်လား၊ လိုင်စင်မဲ့လားဆိုတော့ ရွာကားပဲလေ လိုင်စင်မရှိဘူး၊ရွှေဖြူကျောင်းကို ရှောင်နေမလို့လာတာပါဆိုတော့ မိသားစု ၅ ဦးကို တစ်သောင်း တောင်းတယ်။ ကားက လိုင်စင်မဲ့မို့ တစ်သောင်းတောင်းတယ်။ မပေးရင်လည်း ပေးမသွားဘူး။ နောက်ပြန်လှည့်ခိုင်းတယ်။ ပြည်သူအားလုံးကို တောင်းတာ။ အကုန်လုံးကိုတောင်းတာ” ဟု ငွေကြေးပေးဆောင်ခဲ့ရသည့် စစ်ဘေးရှောင် ပြည်သူတစ်ဦးက ပြောဆိုသည်။

လတ်တလော တိုက်ပွဲများကြောင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်နေချိန် စစ်ဆေးရေးဂိတ်များမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဘေးရှောင်ပြည်သူများကို ပစ်မှတ်ထား ဦးတည်၍ ငွေကြေးတောင်းခံမှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

” မနှစ်ကမွန်ရွာကော့ဘိန်း၊‌ကော့ပေါက်နဲ့ကျုံဒိုးမှာစစ်ဖြစ်တုန်းကလည်းအဲဒီလိုပဲတံတားမှာကားစစ်၊ ဆိုင်ကယ်စစ်ပြီးငွေညှစ်တာပဲ၊ မွန်ငြိမ်းချမိး ရေးတပ်ဖွဲ့ကနိုင်အိုက်ချမ်းတို့လည်းပါတယ်၊အဲဒီတုန်းကစစ်တပ်နဲ့ပေါင်းပြီးငွေညှစ်တာ၊ အခုလည်းတောင်ပေါ်ကားကြီးတွေ ဆင်းမလာတော့ ရွာသားတွေကို ငွေညှစ်တာ။ မပေးရင်ကားဆိုင်ကယ်သိမ်းမယ် ခြိမ်းခြောက်တယ်။ ရွာကလူတွေကလည်း လိုင်စင်မဲ့တွေချည်း စီးကြတာဆိုတော့ သူတို့အမိန့်လိုဖြစ်နေတယ်”ဟု စစ်ဘေးရှောင်ပြည်သူက ရှင်းပြသည်။

လက်ရှိကော့ကရိတ်နှင့် ကျုံဒိုးဒေသအတွင်း စစ်ရေးတင်းမာနေမှုအပေါ် အကြမ်းဖက်စစ်တပ်က ဂျိုင်းတံတားတစ်ဖက်ကမ်း ဘားအံမြို့နယ် ၊ကျားကလေး၊ ဇာသပြင်လမ်းဆုံ၊ အိန္ဒု၊ သာမည၊ နောင်လုံ တောင်ကြားလမ်းပိုင်းတစ်လျှောက်တွင် စစ်အင်အားရာချီ စစ်ပြင်ထားပြီး ဆရာတော်မင်းသုည၏ဘုရားကုန်းရွာဘုန်းကြီးကျောင်းတွင်စစ်အင်အား ၆၀ခန့် ဖြင့် တပ်စွဲ နေရာယူကာ လက်နကိကြီးများတပ်ဆင် စခန်းချထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article