ဖယ်ခုံနှင့် ဝက်လက်မြို့နယ်တို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုတို့ကြောင့် ကလေး ၃ ဦး အပါအဝင် ၇ ဦး ဒဏ်ရာရရှိပြီး နေအိမ်နှင့်အဆောက်အအုံများပျက်စီး
ရန်ကုန်၊ ဧပြီ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိရွာသစ်ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၈ နှစ်အောက် ကလေးငယ် ၃ ဦးအပါအဝင် ပြည်သူ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ PDF အမှတ် ၁ ဗျူဟာ သတင်းပြန်ကြားရေးမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဧပြီလ ၂၁ ရက် မွန်းလွဲ ၁ နာရီက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဖယ်ခုံမြို့ပေါ်ရှိ စကခ ၇ တပ် စခန်းမှ ခေါင်းအိရွာသစ်အတွင်းသို့ လက်နက်ကြီး ၁၀ လုံးကျော် ရမ်းသမ်းပစ်ခတ်ခဲ့ရာ စစ်ဘေး ရှောင်နေသူ အသက် ၈ နှစ်အောက် ကလေးငယ် ၃ ဦးအပါအဝင် ပြည်သူ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းဒဏ်ရာရရှိသူများအနက် အသက် ၄၀ အရွယ်အမျိုးသမီးမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ဖယ်ခုံကျန်း မာရေး ကယ်ဆယ်ရေး PKHC အဖွဲ့မှ ဆေးကုသပေးခဲ့ပြီး ဒဏ်ရာပြင်းထန်စွာရရှိသည့် အမျိုးသမီးကို ဆေးရုံသို့ ပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် ပြည်သူလူထုနေထိုင်ရာ ကျေးရွာများကို လေကြောင်း၊ လက်နက် ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေသောကြောင့် ပြည်သူများအနေဖြင့် စစ်ရေး အသိ၊ သတိဝိရိယဖြင့် နေထိုင်သွားလာကြရန် သတိပေးတိုက်တွန်းထားသည်။
အလားတူ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် မြင်းသည်ရွာရှိ ဓာတ်ဆီဆိုင်ကို အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ဗုံး၂ လုံးကျဲချ၍ နေအိမ် တိုက် ၂ လုံး နှင့် ဆိုင်ခန်းများ မီးလာင်ပျက်စီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့ ည ၁၁နာရီခန့်အချိန် အကြမ်းဖက်စစ်တပ်က ဗုံး၂ လုံးချခဲ့ခြင်း ဖြစ်ပြီး ဓာတ်ဆီဆိုင် အနောက်ဘက်တွင် ၁ လုံး၊ ဆိုင်မြောက်ဘက်တွင် ၁ လုံးကျခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
“လူတွေကတော့ ဗုံးကျပြီး တိုက်နဲ့ ဆိုင်မီးလောင်လို့ တိုက်ပေါ်က ခုန်ချတာ ခြေထောက်ပြင်းထန်ဒဏ်ရာရတယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အဆိုပါဗုံးချခံရသည့် ဓာတ်ဆီဆိုင်သည် ဓာတ်ဆီနှင့် ကုန်မာဆိုင်တွဲဖွင့်ထားသည့် ဆိုင်ဖြစ်ပြီး အနီးနားကျေးရွာများ၊ ခရီးသွားပြည်သူများ အားကိုးဝယ်နေကြသည့် ဆိုင်ဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။



