ကျုံဒိုးမြို့ကို KNLA နှင့် မဟာမိတ်များ ပိတ်ဆို့ တိုက်ခိုက်မှုကြောင့် မူးယစ်ဆေးဝါးနှင့် ချမ်းသာနေသည့် BGF ဗိုလ်မောင်ဝင်းအောင် မိသားစုနှင့် တပ်ဖွဲ့များ မော်လမြိုင်နှင့် ဘားအံ ဘက်သို့ ထွက်ပြေး တိမ်းရှာင်နေ
ရန်ကုန်၊ ဧပြီ ၂၆
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ကို KNLA နှင့် မဟာမိတ်များ ပိတ်ဆို့ တိုက်ခိုက်မှုကြောင့် မူးယစ်ဆေးဝါးနှင့် ချမ်းသာနေသည့် BGF ဗိုလ်မောင်ဝင်းအောင် မိသားစုနှင့် တပ်ဖွဲ့များ မော်လမြိုင်နှင့် ဘားအံ ဘက်သို့ ထွက်ပြေး တိမ်းရှာင်နေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ထိုသို့ တိုက်ခိုက်မှုကြောင့် ကျုံဒိုးမြို့နယ် တစ်ဝိုက်တွင် မူးယစ်ဆေးဝါး၊ လောင်းကစားဝိုင်းနှင့် ဂိတ်ထိုင် ငွေညှစ်မှုများ လုပ်ဆောင်နေသည့် BGF ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ဗိုလ်မောင်ဝင်းအာင်နှင့် ဆွေမျိုး မိသားစုများ အပါအဝင် တပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်သည် မော်လမြိုင်မြို့နှင့် ဘားအံမြို့ ဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရှိရသည်။
ဧပြီလ ၁၅ ရက်နေ့က KNLA မဟာမိတ် ပူးပေါင်းတပ်များက ကျုံဒိုး/ကော့ကရိတ်လမ်းပိုင်းရှိ BGF ဗိုလ်မောင်ဝင်းအောင်၏ ဂိမ်းရုံ၊ မူးယစ်ဆေးဖြန့်သည့် နေရာနှင့် ကုန်ကားငွေတောင်းဂိတ် နေရာများဖြစ်သည့် လေးတိုင်၊ ချောင်းဖျား၊ နွားခြံကုန်းဂိတ်များကိုတိုက်ခိုက် သိမ်းပိုက် ဖျက်စီးလိုက်သည့်အတွက် ဂိတ်များကို စွန့်လွှတ်ထွက်ပြေးရပြီး တပ်ဖွဲ့အလိုက် ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရသည်။
” BGF မောင်ဝင်းအာင်က မူးယစ်ဆေး၊ ဂိမ်းရုံ၊ အာဝါဒေး၊ မောင်းတံဂိတ် အကုန်လုပ်တယ်လေ အဲ့တာနဲ့ ချမ်းသာနေတာ မော်လမြိုင်ရော ဘားအံရော အိမ်တွေတက် ဝယ်ဆောက်ထားတာ အခုသူဂိတ်တွေ သူဆေးဖြန့်တဲ့နေရာတွေ PDF /ကရင်အဖွဲ့၊ လက်သုံးချောင်းအဖွဲ့တွေ ဝင်တိုက်တော့ပြေးရပြီ အခုကျုံဒိုးမြို့ထဲ ဝင်သိမ်းရင် သူအိမ်တွေ မိသားစုတွေထိတော့မှာ ကြောက်တော့တပ်ဖွဲ့လိုက် အကုန် မော်လမြိုင်၊ ဘားအံပြေးရှောင်ကြပြီ နောက်တစ်ခုက သူတို့အခု BGF က KNA ဖွဲ့ ပြီး စကစကို ပြန်တိုက်မယ့်ကိစ္စ အကောင်အထည်ဖော်လာပြီဆိုရင် သူမပါရဲဘူးဆိုပြီးတော့ သူလူတွေခေါ်ပြီးပြေးရှောင်တာပေါ့ ” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ ကျုံဒိုး အခြေစိုက် BGF တပ်ဖွဲ့ ဗိုလ်မောင်ဝင်း အောင်ဆိုသူသည် ယခင်က ကျုံဒိုးမြို့တွင် ဆိုင်ကယ်အငှားမောင်းသူဖြစ်ပြီး KNU/KLNA /PC ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့သို့ ဝင်ရောက်ကာ မူးယစ်ဆေးဝါး ပို့ဆောင်ရောင်းဝယ်မှုဖြင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ လာရောက်ဖမ်းဆီးခံရစဉ် ငွေသိန်းရာချီ လာဘ်ထိုးကာ ပြန်လည် လွတ်မြောက်လာပြီးနောက် လှိုင်းဘွဲမြို့နယ်BGF တပ်ဖွဲ့သို့ ဘက်ပြောင်းဝင်ရောက်ရာက ကျုံဒိုးမြို့ BGF အဖြစ် လာဘ်ငွေပေး၍ ဗိုလ်အဆင့်ရာထူးရယူကာ ညီဖြစ်သူ မြင့်အောင်ကိုထပ်မံပြီး ဗိုလ်ရာထူးဖြင့် တပ်ဖွဲ့ဝင် လုပ်ဆောင်စေပြီးနောက် ကျုံဒိုးမြို့နယ် ကျေးရွာများတွင် တရားမဝင် လောင်းကစားဂိမ်းရုံ၊ အာဝါဒေးပွဲ၊ မူးယစ်ဆေးဝါး ဖြန့်ဖြူး ရောင်းချမှုနှင့် တရားမဝင် လုပ်ငန်းမျိုးစုံ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရှိရသည်။
” အခုသူ့တပည့်တွေ မိသားစုတွေကို ဘားအံအပိုင်ထဲက ဇာသပြင်ကျားကလေးရွာဘက် ရွေ့နေခိုင်းတယ်။ အာဝါဒေးခုံတွေ ငါးပစ်ဂိမ်းခုံတွေ အိမ်ပစ္စည်းတွေ ခွေးတွေကြောင်တွေ မိသားစုတွေအကုန် ရွေ့နေခိုင်းတာ ကျုံဒိုးတိုက်ပွဲဖြစ်မယ်။ သုံးလလောက်ကြာမယ်။ ကျုံဒိုးကို ပြန်ဝင်နေဖို့မလွယ်ဘူး။ KNA ဘက်ပြောင်းပြီး စစ်ဝင်တိုက်ရရင်ရှောင်ပြီးနေကြဖို့ သူ့တပည့်တွေကို မှာထားတယ်” ဟု BGF ဗိုလ်မောင်ဝင်းအောင်တပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောဆိုသည်။
ယခင် ကျုံဒိုးဒေသ တစ်ဝိုက်တိုက်ပွဲများ မဖြစ်ပွားခင်က ကျုံဒိုး အထက ကျောင်းအနောက် ဦးကွဲဇရပ်အနီးတွင် ဇနီးဖြစ်သူ မကေသီဝင်းနှင့် သားတစ်ဦး၊ သမီးတစ်ဦးနှင့် အတူနေထိုင်ကာ မူးယစ်ဆေးဖြန့်သည့် လုပ်ငန်းလုပ်ဆောင်ပြီး လာရောက် ဝယ်ယူသုံးစွဲသူလူငယ်များကို ရဲသတင်းပေး ဖမ်းဆီးခိုင်းခြင်း၊ စစ်မှုထမ်းစစ်သားသစ် စုဆောင်းပေးခြင်း၊ BGF တပ်သားသစ်အဖြစ် စုဆောင်းပြီးမူးယစ်ဆေး၊ အာဝါဒေး၊ တရားမဝင် လုပ်ငန်းပေါင်းစုံတွင် ပါဝင်ခိုင်းစေခြင်းများ ရှိခဲ့ကြောင်း သိရသည်။
