26 C
Yangon

မုံရွာ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော စက်တပ်လေထီး ၁ စီး လေပြင်းကြောင့် ပျက်ကျလာပြီး လေထီးမောင်းနှင်သူ စစ်သား ၂ ဦးကို ဖမ်းဆီးရရှိဟုဆို

Must read

မုံရွာ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော စက်တပ်လေထီး ၁ စီး လေပြင်းကြောင့် ပျက်ကျလာပြီး လေထီးမောင်းနှင်သူ စစ်သား ၂ ဦးကို ဖမ်းဆီးရရှိဟုဆို

ရန်ကုန်၊ ဧပြီ ၂၉

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ စက်တပ်လေထီး ၁ စီး လေပြင်းကြောင့် ပျက်ကျလာပြီး အဆိုပါ လေထီးမောင်းနှင်သူ စစ်သား ၂ ဦးကို တော်လှန်ရေး တပ်ဖွဲ့တစ်ခုက ဖမ်းဆီးရရှိထားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၂၈ ရက်နေ့ ည ၈ နာရီ ၂၄ မိနစ်အချိန် အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ် အတွင်းမှ ပြည်သူလူထုနေထိုင်ရာ ကျေးရွာများသို့ ဗုံးကျဲရန် စက်တပ်လေထီး ၂ စီးတက်လာခဲ့ကြောင်း၊ စက်တပ်လေထီး ၁ စီး သာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဘောလုံးကွင်းထဲသို့ ပြန်ဆင်းနိုင်ခဲ့ပြီး ကျန် ၁ စီးမှာ လေတိုက်နှုန်းဖြင့် ချင်းတွင်းမြစ် ကြောင်းအတိုင်း အောက်ဘက်သို့ မျောပါသွားကြောင်း သိရသည်။

ထိုသို့ လေပြင်းဖြင့် ပါသွားသော စက်တပ်လေထီးမှ မောင်းနှင်သူ စစ်သား ၂ ဦးမှာ ခုန်ချထွက်မှုကြောင့် ချင်းတွင်း မြစ်အနောက်ဘက်ခြမ်းသို့ ကျရောက်သွားပြီးတော်လှန်ရေးတပ်ဖွဲ့က တစ်ခုက ဖမ်းဆီးရရှိသွားကြောင်း၊ ၎င်းတို့ ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ရန် စစ်ဆေးနေဆဲဖြစ်ကြောင်း၊၎င်းတို့ ခုန်ချစွန့်ပစ်ခဲ့သည့် စက်တပ်လေထီးမှာလည်း ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်းသို့ ကျရောက်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များကလိုက်ရှာ ဖွေနေဆဲဖြစ်ကြောင်း သိရသည်။

“လူပဲရတာ၊ ပါရာမိုတာက မရဘူးလို့သိရတယ်။ ပါရာမိုတာကိုလိုက်ရှာတုန်းပဲ၊ ပါရာမိုတာက မြစ် အရှေ့ဘက်ခြမ်း၊ မုံရွာဘက်ခြမ်း၊ ချောင်းဦးမြို့နယ်ဘက်အခြမ်းပေါ့၊ လူကတော့ ချင်းတွင်းမြစ်အ‌ နောက်ဘက်ခြမ်း ဆားလင်းကြီးနယ်ထဲက အဖွဲ့တွေဖမ်းထားတာ၊ ဘယ်အဖွဲ့ကလည်းတော့ မသိ သေးဘူး။ ပျက်သွားတဲ့အချိန် လူကခုန်ချတော့ မြစ်အနောက်ခြမ်းမှာ ပြုတ်ကျတာ။ ပါရာမိုတာက လေနဲ့အတူ ပါသွားလို့ ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်းပြုတ်တာ။တက်တုန်းက ၂ စီးတက်တာ၊ တစ်စီး ကတော့ သူတို့ဘောလုံးကွင်းထဲ ပြန်ဆင်းနိုင်တယ်။ တစ်စီးက တောင်ဘက်အထိလွင့်လာတာ၊ ပါရာ မိုတာက ဘယ်သူရတယ်ဆိုတာ မသိရသေးဘူး။ လူရတာ‌ လောက်ပဲသိသေးတာ။ လက်နက်ကတော့ ရှာ တုန်းလို့သိရတယ်။သူတို့ဆီးမှာ လက်နက်ရောပါတယ်။” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၂၃ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ပခုက္ကူမြို့နယ် တပ်မ၁၀၁ မှ တက်လာသော အကြမ်းဖက် စစ်တပ် ၏ စက်တပ် လေထီး ၃ စီးကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ၁ စီးမှာ ကျည်ထိမှန်ပြီး စက်ချို့ယွင်းကာ ပျက်ကျခဲ့ကြောင်း၊ လေထီးမောင်းနှင်သူ စစ်သားတချို့ လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ဧပြီလ ၂၃ ရက်နေ့ ပခုက္ကူတွင် ပျက်ကျခဲ့သည့် စစ်တပ်၏ စက်တပ်လေထီး တစ်စီး။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article