ရန်ကုန်၊ မေ ၁
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် မီးစက်နှိုး၍ လေအေးပေးစက်အဲယားကွန်းသုံးရာမှ မိသားစုဝင် ၄ ဦးသေ ဆုံးပြီး ပုတ်ပွအနံ့ထွက်မှ ပတ်ဝန်းကျင်က သိရှိရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၁ ရက်နေ့ နံနက်ပိုင်း စမ်းချောင်းမြို့နယ်၊ ရွှေလောင်းလမ်း၊ အမှတ် ၄၄ ၊ ၄ လွှာ(အေ) တွင် အပုတ်နံ့များ မခံမရပ်နိုင်အောင် ထွက်နေ၍ ပတ်ဝန်းကျင် ရဲနှင့်စစ်တပ်ကို အကြောင်းကြားပြီး အခန်းဖွင့်ကြည့်ရာမှ မိသားစုဝင် ၄ ဦးသေဆုံးနေကြောင်း၊ အဆို ပါ တိုက်ခန်း ၄ လွှာ၏ နောက်ဖေးခန်းတွင် မီးစက်ထားရှိပြီး မိသားစုဝင် ၄ ဦးလုံးမှာ အိမ်ထဲတွင် သေဆုံးနေကြခြင်းဖြစ်ကြောင်း၊ သေဆုံးနေသည်မှာ ရက်အတော်ကြာပြီဖြစ်ပြီး အပုတ်နံ့ထွက်မှ ပတ်ဝန်းကျင်က သိရှိရခြင်းဖြစ်သည်။
” သေတဲ့သူတွေက လူသစ်တွေပါ။ အမျိုးသားက အသက် ၃၀ နှစ်၊ အမျိုးသမီးက အသက် ၂၅ နှစ်၊ ကလေးက အသက် ၈ နှစ်ပဲရှိသေးတယ်။ အသက် ၁၆ နှစ်ကောင်မလေး ၁ ဦးလည်းပါတယ်။ စုစုပေါင်း သေဆုံးတာက ၄ ဦးပါ။ ခွေးတစ်ကောင်လည်း သေနေတယ်။ သူတို့ အိမ်နောက်ဖေး ၀ရန်တာမှာ မီးစက်ထားတယ်။ မီးစက်မောင်း အဲယားကွန်းဖွင့်ပြီး အိပ်ကြရာကနေ ကာဗွန်မိုနောက် ဆိုက်တွေ ရှုမိပြီး အဆိပ်သင့်တာလို့ မီးသတ်နဲ့ကယ်ဆယ်ရေး သမားတွေက ပြောတယ်။ အရမ်းပုတ်မှ သိတာ။ စမ်း ချောင်းမှာလည်း အထပ်မြင့်တွေက သူခိုးရန်ကြောက်ရတော့ တံခါးတွေ အကုန်ပိတ်၊ မီးစက်မောင်း၊ အဲကွန်းဖွင့်ပြီး အိပ်ကြတာလို့သိရတယ်။ ပြင်ပဒဏ် ရာမရှိပါဘူး” ဟု ရွှေလောင်းလမ်းတွင် နေထိုင်သူ ပြည်သူတစ်ဦးက ရှင်းပြသည်။
သေဆုံးသူများမှာ ကိုကောင်း (အသက် ၃၀ နှစ်) ၊ဇနီးဖြစ်သူ မမိုးစန္ဒာ (အသက် ၂၅ နှစ်) ၊ သားဖြစ်သူ မောင်ကောင်းသက်ပိုင် (အသက် ၈ နှစ်) နှင့် မမိုးစန္ဒာ၏ ညီမ ဖြစ်သူ မဝင်းစန္ဒာ (အသက်၁၆ နှစ်) တို့ ၄ ဦးဖြစ်ကြောင်း ၊ သေဆုံးသူ များ၏ မိဘဆွေမျိုးမှာ ကိုကောင်း၏ မိခင်ဖြစ်သူ ဒေါ်အေးချိုဖြစ်ပြီး မရမ်းကုန်းမြို့နယ်၊ မုဒိတာအိမ်ရာ၊ ၂-ရပ်ကွက်တွင် နေထိုင်ကြောင်း၊ သားဖြစ်သူကို ဆက်သွယ်မရ၍ သက်ဆိုင်ရာနှင့်ပတ်ဝန်းကျင်သို့ အကြောင်းကြားရာမှ ယခု ကဲ့သို့ သေဆုံးမှုကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရှိရသည်။
လတ်တလော ရန်ကုန်မြို့တွင် စစ်ကောင်စီက ၄ နာရီမီးပေး၊ ၈ နာရီ လျှပ်စစ်မီးဖြတ်တောက်သည့် အလှည့်ကျမီးပေးစနစ်ကို ကျင့်သုံးလျက်ရှိကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
