ရန်ကုန်၊ မေ ၂
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် လှည့်ကင်းက ကျေးရွာများမှ ဈေးဝယ် ပြန်လာသည့် ပြည်သူများနှင့် ခရီးသွားများကို ဖမ်းဆီးပြီး ၁ ဦးလျှင် ငွေကျပ်သိန်း ၅၀ ဖြင့် ရွေးခိုင်းကာ ငွေကြေး မပေးနိုင်သူများကို အမှတ် ၈ လေ့ကျင့်ရေးတပ်ထဲ၌ ဖမ်းဆီးထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဧပြီလ ၃၀ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ထူကြီးရွာ၊ ပုဏ္ဏားကုန်းရွာ၊ ထန်းဇင်ရွာ၊ ဆိပ်ခွန်ရွာနှင့် ဘိုတဲကုန်းရွာတို့မှ ဈေးဝယ်ပြီး ပြန်လာသည့် ပြည်သူ ၁၀ ဦးနှင့် အမည်မသိ ခရီးသွား ပြည်သူများကို အကြမ်းဖက် စစ်တပ် လှည့်ကင်းက ဖမ်းဆီးပြီး ငွေကျပ် သိန်း ၅၀ ဖြင့် ပြန်ရွေးခိုင်းနေခြင်း ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ၎င်းတို့ တောင်းခံသော ငွေကြေးမပေးသူများကို အမှတ် ၈ လေ့ကျင့်ရေးတပ်သို့ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဖမ်းဆီးသွားကြောင်း၊ ထိုသို့ ဖမ်းဆီးခံရသူများကို မိသားစုဝင်များက လေ့ကျင့်ရေး ၈ နှင့် မြို့မ ရဲစခန်းတွင် သွားရောက် စုံစမ်း သော်လည်း ဖမ်းဆီးထားခြင်းမရှိဟု စစ်ကောင်စီ တပ်သားများက ငြင်းဆိုသည်ဟု ဒေသပြည်သူများထံမှ သိရသည်။
“စစ်တပ် လှည့်ကင်းက ဘာတွေ့တွေ့ အကုန်ဖမ်းတာ။ ဖမ်းပြီး ငွေနဲ့ ရွေးခိုင်းတာ ငွေပေးလို့ လွတ်လာသူတွေကိုတော့ ဖုန်းနံပါတ်ပေးတာ ဖုန်းနံပါတ်ပေးလိုက်ပြီး ငါနယ်မပြောင်းမချင်း ပိုက်ဆံပေးထားသူတွေကို မဖမ်းဘူး ။ တကယ်လို့ ဖမ်းခဲ့ရင် ငါ့ ဖုန်းနံပါတ်ဆက်လိုက် လွှတ်ပေးမယ်ဆိုပြီး ဖုန်းနံပါတ်ပေးလိုက်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
