ရန်ကုန်၊ မေ ၈
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အနီးကို ဗဟိုပြု၍ ယနေ့ မွန်းလွဲပိုင်း ပြင်းအား ၄ ဒသမ ၁ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ရာ ကျောက်ဆည်၊ မြစ်သားနှင့်စစ်ကိုင်းမြို့နယ်တို့တွင် သိသိသာသာ ခံစားသိရှိရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၉ မိနစ်အချိန် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ အရှေ့တောင်ဘက် ၉ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄ ဒသမ ၁ အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ယနေ့ မွန်းလွဲပိုင်း လှုပ်ခတ်ခဲ့သော ငလျင်ကို ကျောက်ဆည်၊ မြစ်ငယ်နှင့်စစ်ကိုင်းမြို့နယ်အတွင်းတို့တွင် သိသာစွာ ခံစားသိရှိရကြောင်း ဒေသပြည်သူများက ဆိုကြသည်။
“တစ်ချက်တည်းပဲ “ဒုန်း” ဆိုပြီး လှုပ်သွားတာ။ သိသာတယ်။ အရာ၀တ္တုတွေအချင်းချင်း ထိတွေ့ ရိုက်ခတ်သံပါ ကြားရတာ” ဟုကျောက်ဆည်မြို့မှ ပြည်သူတစ်ဦးက လူမှုကွန်ရက် မက်ဆင်ဂျာမှတစ်ဆင့် ဆက်သွယ်ပြောဆိုသည်။
အလားတူ မြစ်သားမြို့နယ်မှ ပြည်သူတချို့နှင့် စစ်ကိုင်းမြို့နယ်မှ ပြည်သူ ၃ ဦးတို့ကလည်း ယနေ့မွန်းလွဲ ၂ နာရီ ၉ မိနစ်အချိန် လှုပ်ခတ်ခဲ့သော ငလျင်ကို သိသာစွာ ခံစားရကြောင်း၊ သို့ရာတွင် မန္တလေးမြို့မှ ပြည်သူများကမူ ငလျင်ကို သိသာစွာ ခံစားရခြင်းမရှိကြောင်း ပြောဆိုကြသည်။
ဓာတ်ပုံ – မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် မန္တလေးမှ အပြိုအကျအပျက်အစီးများကို မေလ ၆ ရက်နေ့ မြင်တွေ့ရစဉ်။
Photo- Kothetnaingoo ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
