ညောင်လေးပင်ခရိုင်နှင့် နောင်ချို ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် တိုက်ခိုက်မှု အသက် ၅ နှစ် အရွယ် မဝင်းသဇင်ဖြူ အပါအဝင် ပြည်သူ ၆ ဦးသေဆုံး
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
မေလ ၅ ရက်နေ့တွင် ဆောထိမြို့နယ်ရှိ သူရဲသမိန်ကျေးရွာတွင် အခြေချ တပ်စွဲထားသော ခမရ-၃၅၀ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီတပ်သားများက ကွင်းဆိပ်ကျေးရွာ သီတာရေဗုဒ္ဓဘာသာဘုန်းကြီးကျောင်းကို ဒရုန်းဖြင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းအနီးရှိ ဦးဖိုးပျား၏ နေအိမ်ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
မေလ ၇ ရက်နေ့တွင် မူးမြို့နယ်ရှိ ခေါင်းအင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၅၇ နှစ်အရွယ် ဒေါ်ရီမြင့်နှင့် အသက် ၆၇ နှစ်အရွယ် ဦးလှမြင့်တို့ ကျည်စထိမှန် သေဆုံးခဲ့ပြီး အသက် ၁၂ နှစ် အရွယ် မပိုးဒီ နှင့် အသက် ၃ နှစ်အရွယ် မောင်ငွေပေါ တို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ကုန်းချောင်းဝမှ အကြမ်းဖက် စစ်ကောင်စီတပ်သားများကလည်း ထွနီကုန်းကျေးရွာကို ဟောင်ဝစ်ဇာနှစ်ဆင့်ကွဲ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် စောကော်လားသူး လက်နက်ကြီးစ ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ သရက်ချိုကျေးရွာကိုလည်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၅ နှစ်အရွယ် မဝင်းသဇင်ဖြူ အပါအဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
မေလ ၈ ရက်နေ့ ညနေ ၆ နာရီခန့်တွင် နောင်ချိုမြို့နယ်၊ သရက်ချိုကျေးရွာကို အကြမ်းဖက် စစ်တပ်၏ အမြောက်တပ် ၉၀၂ တပ်က မင်္ဂလာဆောင်ပြုလုပ်ကျင်းပနေသော ရွာအတွင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၅ နှစ်အရွယ် မဝင်းသဇင်ဖြူ ၊ အသက် ၄၀ နှစ်အရွယ် အမျိုးသား ၂ ဦးနှင့် အသက် ၄၀ အရွယ် အမျိုးသမီး ၁ ဦးတို့ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကလေး ၁ ဦးနှင့် လူကြီး ၆ ဦး ဗုံးစထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်သည် ၂၀၂၅ ခုနှစ် မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့ အထိ အပစ်ခတ်ရပ်စဲရေးကာလအဖြစ် ထပ်မံတိုးမြှင့်ကြောင်း ကြေညာပြီးနောက် တအာင်းပြည်အတွင်း ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် လေကြောင်း တိုက်ခိုက်ခြင်းများလုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကျဲ တိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန် ကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နားဆောင်ရွက်ရန် လိုအပ်ကြောင်း TNLA က ထုတ်ပြန်ထားသည်။


