33 C
Yangon

မကွေးတွင် စေတုတ္တရာ NLD လူငယ်တာဝန်ခံ ကိုဗိုလ်မင်းကို ဖမ်းမမိ၍ ၁ နှစ်သားအရွယ် သားသည်မိခင် ဇနီးမနှင်းမိုးခိုင်ကို ဖမ်းဆီးပြီး ထောင်ဒဏ် နှစ် ၂၀ ချမှတ်

Must read

ရန်ကုန်၊ ဇွန် ၁၁

မကွေးတိုင်းတွင် စေတုတ္တရာမြို့နယ် NLD လူငယ်တာဝန်ခံ ကိုဗိုလ်မင်းကို စစ်တပ်က ဖမ်းမမိ၍ ၁ နှစ်သားအရွယ် ကလေးမိခင် ဇနီး မနှင်းမိုးခိုင်ကို ဖမ်းဆီးပြီး ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ကြောင်း မိသားစုဝင်များထံမှ သိရှိရသည်။

ဇွန်လ ၁၀ ရက်နေ့တွင် ကိုဗိုလ်မင်း၏ ဇနီး ကလေးမိခင် မနှင်းမိုးခိုင်ကို မင်းဘူးခရိုင်တရားသူကြီး ထွန်းထွန်းအောင်က အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀( ည) ဖြင့် ထောင်ဒဏ် ၁၅ နှစ်၊ ပုဒ်မ ၅၂ (က)အတွက် ထောင်ဒဏ် ၅ နှစ် စုစုပေါင်းထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယမန်နှစ် ဇူလိုင်လ ၁ ရက်နေ့တွင် စစ်တပ်နှင့်ရဲ အင်အား ၃၀ ခန့်က စေတုတ္တရာမြို့နယ် ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မြို့နယ်လူငယ်တာဝန်ခံ ကိုဗိုလ်မင်းကို လာရောက် ဖမ်းဆီးရာတွင် မတွေ့ရသဖြင့် ဇနီးဖြစ်သူမနှင်းမိုးခိုင်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ကိုဗိုလ်မင်းကို လာရောက် အဖမ်းခံရန်နှင့် ကိုဗိုလ်မင်းရှိသော နေရာကို ပြောရင် ဇနီးဖြစ်သူ မနှင်းမိုးခိုင်ကို ညှဉ်းပန်းနှိပ်စက်ကြောင်း၊ မနှင်းမိုးခိုင်က သူအမှန်တကယ်မသိရှိကြောင်း ပြောဆိုသောအခါ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်၍ ထောင်ဒဏ် ၂၀ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဖမ်းဆီးစဉ်ကာလ မနှင်းမိုးခိုင်က မီးဖွားထားတဲ့ ၁၃လအရွယ်သားသည် မိခင်ဖြစ်ပါတယ်။ သူ့ခင်ပွန်းကို ဗိုလ်မင်းကို ခေါ်ပေးဖို့ နှင့်သူရှိနေတဲ့နေရာကို ပြောပြဖို့ စစ်တပ်က ပြောတယ်။ မနှင်းမိုးခိုင်က သူ၏ယောက်ျား ရှောင်တိမ်းနေတာကြာပြီဖြစ်လို့ သူနဲ့မဆက်သွယ်ကြောင်း မသိကြောင်းပြောတဲ့အခါ အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ထောင်ချတာပါပဲ။ မနှင်းမိုးခိုင်ရဲ့ခင်ပွန်း ကိုဗိုလ်မင်းက NLD မြို့နယ် လူငယ်တာဝန်ခံ ဖြစ်တဲ့အပြင် အာဏာသိမ်းမှုနောက်ပိုင်း စေတုတ္တရာမြို့နယ် ဆန္ဒပြ လူထုသပိတ်ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်” ဟု မိသားစုနှင့်နီးစပ်သူက ပြောသည်။

မနှင်းမိုးခိုင် ဖမ်းဆီးခံရသဖြင့် ကလေးဖြစ်သူကို ခင်ပွန်း၏ အကိုကြီးဖြစ်သူထံ အပ်နှံထားခဲ့သော်လည်း ဧပြီလ ၂ ရက်နေ့တွင် ခင်ပွန်းဖြစ်သူ၏ အကိုကြီးကိုပါ စစ်တပ်က လာရောက်ဖမ်းဆီးပြီး မကွေးထောင် (ဒေါင်းနေထောင်)တွင် ဖမ်း ဆီး ထားသဖြင့် ကလေးမှာ ထိန်းသိမ်းစောင့်ရှောက်သူ မရှိဘဲ ဒုက္ခရောက် အခက်တွေ့နေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရသော မနှင်းမိုးခိုင်ကို ၁၃ လအရွယ် သားငယ်နှင့်အတူတွေ့ရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article