မန္တလေးတွင် ငလျင်ဒဏ်သင့် အဆောက်အဦ များကို အမြင်တင့်တယ်စွာ ကာရံထားရန်၊ ပြန်ပြင်မည်ဆိုလျှင် ခွင့်ပြုချက်ယူရန်နှင့် ဆောက်လုပ်ဆဲ အဆောက်အအုံများ အားလုံး ရပ်ဆိုင်းထားရန် စစ်ကောင်စီက အမိန့်ထုတ်
ရန်ကုန်၊ မေ ၁၀
မန္တလေးတွင် ငလျင်ဒဏ်သင့် အဆောက်အဦများကို အမြင်တင့်တယ်စွာ ကာရံထားရန်၊ ပြန်ပြင်မည်ဆိုလျှင် ခွင့်ပြု ချက်ယူရန်နှင့် ဆောက်လုပ်ဆဲ အဆောက်အအုံများ အားလုံး ရပ်ဆိုင်းထားရန် စစ်ကောင်စီက အမိန့်ထုတ် ထား ကြောင်း မန္တလေးမြို့ခံ ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက မန္တလေးမြို့ရှိ ငလျင်ဒဏ်သင့်အဆောက်အဦများကို ဖြိုဖျက်ပြီးလျှင်သော် လည်း ကောင်း သွပ် ပြားများ ကာရံခြင်းများ အပါအဝင် အမြင်တင့်တယ်စွာထားရှိရေး ဆောင်ရွက်ထားရန် သတိပေးစာ များကို မန္တလေးစည်ပင်က အိမ်ပိုင်ရှင်များကို လိုက်လံဝေငှလျက်ရှိကြောင်း၊ ထိုသို့ သတိပေးမှုများကို မန္တလေး စည်ပင်က လူမှုကွန်ရက် Facebook တွင်လည်း သတိပေးချက်များ ထုတ်ပြန်လာကြောင်း သိရှိရသည်။
“ကိုယ်တောင် အိမ်ပြိုလို့ နေစရာမရှိတာကို ဘယ်လို အမြင်တင့်အောင် ထားမလဲ။ သွပ်ပြား ဘိလပ်မြေ အိမ် ဆောက်ပစ္စည်းတွေ အကုန်လုံးတွေ စျေးတွေက ၃ ဆ၊ ၄ ဆ ပါးစပ်ထဲရှိတဲ့စျေးနဲ့ရောင်းနေတာ ဘယ်လို ကာရံမလဲ။ ဒုက္ခရောက်နေပါတယ်ဆိုမှ အမြင်တင့်အောင် ဘယ်လိုလုပ်နိုင်မလဲ” ဟု မန္တလေးမြို့မှ ငလျင်ကြောင့် တိမ်းစောင်းသွားသော အထပ်မြင့်တိုက်တာတစ်ခု၏ မြေပိုင်ရှင်တစ်ဦးက ဆိုသည်။
ထို့ပြင် မန္တလေးစည်ပင်က ငလျင်ဒဏ်သင့် အဆောက်အဦများတွင် အပြာရောင်၊လိမ္မော်ရောင်၊အနီရောင်အဆင့်ဟူ၍ ကွင်းဆင်းစစ်ဆေးကာ ခွဲခြားပေးလျက်ရှိပြီးအဆိုပါ အဆောက်အဦများပြင်ဆင်ရန် အတွက် လိုင်စင်ရအင်ဂျင်နီယာများ၏ ထောက်ခံချက် နှင့်အတူ မန္တလေးစည်ပင်သို့ လျှောက်ထားရမည်ဖြစ်ကြောင်း စစ်ကောင်စီက တရားဝင် ကြေညာသည်။
အလားတူ မန္တလေး ၆ မြို့နယ်အတွင်း ဆောက်လုပ်ဆဲ အဆောက်ဦများကိုလည်း ရပ်ဆိုင်းထားရမည်ဖြစ်ပြီး ဆောက် လုပ်ဆဲ အဆောက်ဦများ၏ ပင်မတိုင်များ ပျက်စီးမှုရှိ၊ မရှိကို စစ်ကောင်စီ၏ စစ်ဆေးရေးအဖွဲ့က စစ်ဆေးပြီးမှသာ ဆက်လက် ဆောက် လုပ်ခွင့်ပေး၊ မပေး ဆုံးဖြတ်မည်ဖြစ်ကြောင်း စစ်ကောင်စီက ဆက်လက် ကြေညာထားသည်။
စစ်ကောင်စီက ငလျင်ဒဏ်သင့် ပြည်သူများကို ကူညီခြင်းမရှိဘဲ အမိန့် အမျိုးမျိုးထုတ်နေသည့်အပြင် တိမ်း စောင်း နေသည့် အန္တရာယ်ရှိ အဆောက်အဦများ ဖြိုဖျက်ရန် လျှောက်ထားမှုများကိုလည်း အနည်းဆုံး ၃ လကြာမည်ဟု စောင့်ဆိုင်းခိုင်းကြောင်း၊ ငွေကြေးပေးသူများကိုသာ ဦးစားပေး ဖြိုဖျက်ပေးနေကြောင်း မန္တလေးမှ ပြည်သူများက ပြောဆိုကြသည်။
ဓာတ်ပုံ- မန္တလေးတွင် ငလျင်ကြောင့် ပြိုကျပျက်စီးနေမှုများ။
