စစ်ကောင်စီက အပစ်ရပ်ကြေညာမှုကို ချိုးဖောက်ပြီး နောင်ချိုမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်ပြီး ထိုးစစ်ဆင်နေ
အကြမ်းဖက်စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေး သက်တမ်းကို ၁ လထပ်တိုးထားသော်လည်း ယင်းကြေညာချက်ကို ချိုးဖောက်ပြီး နောင်ချိုမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်ကာ ထိုးစစ်ဆင်နေကြောင်း TNLA က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် ၂၀၂၅ ခုနှစ် မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့ထိ အပစ်ခတ်ရပ်စဲရေး သက်တမ်း (၁)လ ထပ်တိုးသော်လည်း တအာင်းပြည်အတွင်း မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် လေ ကြောင်းဖြင့် နေ့စဉ်အသုံးပြုတိုက်ခိုက်လျက်ရှိကြောင်း၊ မေလ ၁၀ ရက်နေ့ နံနက် ၆ နာရီ ၅၀ မိနစ်အချိန်
နောင်ချိုမြို့နယ်၊ တအာင်းတပ်မတော် PSLF/TNLA ရှိရာ သရက်ချိုရွာအနီးတဝိုက်သို့ စစ်တပ်က ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အလားတူ မေလ ၁၀ ရက်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်အချိန် စစ်တပ်နှင့် TNLA တို့အကြား နောင်ချိုမြို့နယ်၊ ယာပြင်ကျေးရွာအနီးတ၀ိုက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၊နောင်ချိုမြို့ ဘူတာရပ်ကွက်၊ ဆမ္မဆယ်ရွာနှင့် အုမ္မတီးရွာတွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် မေလ ၁၀ ရက်နေ့ ညနေ ၄ နာရီ ၀၅ မိနစ်အချိန်တွင် ဗုံး ၇ လုံး လာရောက်ကြဲချ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် ၃ လုံးနှင့် ကား
၁ စီး ဗုံးစထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် မေလ ၁၀ ရက်နေ့ န့နက် ၉ နာရီ ၃၂ မိနစ်အချိန် စစ်ကောင်စီတပ်က နောင်ချိုမြို့နယ်၊ တဲခေါ်ရွာမှ ဒရုန်းဖြင့် ဗုံး ၉ လုံးနှင့် အဆိပ်ငွေ့ဗုံး ၃ လုံးတို့ဖြင့် အုမ္မတီးကျေးရွာသို့ လာရောက်ကြဲချခဲ့ကြောင်း၊ စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံး ၁၈ လုံးနှင့် လက်နက်ကြီးဖြင့် ၁၄ ကြိမ် နောင်ချိုမြို့ နယ် ၇ မိုင်နှင့် မတ်မန်းတောရွာသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အလားတူ မေလ ၁၀ ရက်နေ့ ညနေ ၃ နာရီ ၁၁ မိနစ်အချိန် စစ်ကောင်စီတပ်က မိုးကုတ်မြို့နယ်နှင့် ဆက်စပ်သည့် သပိတ်ကျင်းမြို့နယ်၊ ၇ မိုင်တွင် ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ ညီနောင်မဟာမိတ် ၃ ဖွဲ့က ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ်များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ် အပစ်ရပ်ကာလကို နောက်ထပ် ၁ လ သက်တမ်းထပ်တိုးကြောင်း မေလ ၁ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။
ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်က အပစ်ရပ်သက်တမ်း ၁ လတိုးထားသော်လည်း နေ့စဉ်ဗုံးကျဲတိုက်ခိုက်မှုများရှိသောကြောင့် စစ်ကောင်စီတပ်၏ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်မှ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ကြောင်း TNLA ကတိုက်တွန်းထားသည်။

