30 C
Yangon

လေးမျက်နှာမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်တို့တွင် စစ်တပ်က လူငယ်များကို စစ်မှုထမ်းခိုင်းရန်အတွက် အတင်းအကျပ် ဝင်ရောက် ဖမ်းဆီး

Must read

လေးမျက်နှာမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်တို့တွင် စစ်တပ်က လူငယ်များကို စစ်မှုထမ်းခိုင်းရန်အတွက် အတင်းအကျပ် ဝင်ရောက် ဖမ်းဆီး

ရန်ကုန်၊ မေ ၁၃

ဧရာ၀တီတိုင်း၊ လေးမျက်နှာမြို့နယ်နှင့် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တို့တွင် စစ်တပ်က လူငယ်များကို စစ်မှုထမ်းခိုင်းရန် အတင်းအကျပ် ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း ဖမ်းဆီးခံရသော လူငယ်များ၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မေလ ၁၂ ရက်နေ့ ညနေ ၆ နာရီအချိန် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပားအုပ်စု၊ ချောင်းဖျားကျေးရွာတွင် စစ်တပ်က စစ်ကား ၃ စီးဖြင့် ကျေးရွာအတွင်းသို့ ဝင်ရောက်လာကြောင်း၊ ထို့နောက် ကျေးရွာအတွင်းမှ လူငယ် ၁ ဦး (အမည်သိသော်လည်း ကျန်ရစ်သူမိသားစုများ၏ လုံခြုံရေးအတွက် အမည် မဖော်ပြရန်တောင်းဆိုထားပါသည်)ကို စစ်တပ်က အတင်းအကျပ် ဝင်ရောက် ရိုက်နှက် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရှိရသည်။

” စစ်ကား ၃ စီးနဲ့ အတင်းဝင်လာပြီး လူငယ် ၁ ဦးကို ရိုက်နှက် ဖမ်းဆီးသွားပါတယ်။ စုံစမ်းကြည့်တော့ စစ်မှုထမ်းခိုင်းဖို့ ပေါ်တာဆွဲတာလို့ ပြောပါတယ်။ အခုတော့ ရွာက လူငယ်တွေအားလုံး ပြေးနေရပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဧရာ၀တီတိုင်း၊ လေးမျက်နှာ မြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာတွင်လည်း လူငယ် အမျိုးသား ၅ ဦးကို စစ်တပ်က အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ ဖမ်းဆီးသွားကြောင်း၊ ယခုအချိန်အထိ ဖမ်းဆီးထားသည်မှာ ရက်အတော်ကြာမြင့်ပြီဖြစ်သော်လည်း ပြန်လည် လွှတ်ပေးခြင်းမရှိသည့်အပြင် ငွေကြေးနှင့် ရွေးခိုင်းမည့် အခြေအနေ ရှိနေကြောင်း သိရှိရသည်။

“လေးမျက်နှာမြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာ မှာ အမျိုးသား ၅ ဦးကို စစ်တပ်က ဖမ်းဆီးထားပါတယ်။ အဲဒီအထဲမှာ ချမ်းသာတဲ့ မိသားစုက လူငယ်တချို့လည်းပါတော့ မိသားစုတွေက ငွေနဲ့ ရွေးဖို့ ပြင်ဆင်နေကြတယ်။ ဘာလို့ ဖမ်းတာလဲတော့ မပြောဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဧပြီလ ၂၇ ရက်နေ့ကလည်း စစ်တပ်က လေးမျက်နှာမြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာထဲ့သို့ ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာအတွင်းမှ မိုဘိုင်းလ်ဖုန်းများကို သိမ်းဆည်းသွားကြောင်း၊ အဆိုပါ သိမ်းဆည်းသွားသော မိုဘိုင်းလ်ဖုန်းများကိုလည်း စစ်တပ်က ပြန်လည် ပေးအပ်ခြင်းမရှိကြောင်း ဒေသပြည်သူ အများစုက ပြောဆိုကြသည်။

အကြမ်းဖက်စစ်တပ်က ယခု မေလအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၁၃ အတွက် နိုင်ငံတစ်ဝန်း ပေါ်တာဆွဲ ဖမ်းဆီးမှုများနှင့် လူငယ်များကို အတင်းအကျပ် ဖိအားပေး ဆင့်ခေါ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြသော ပြည်သူများကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article