28.6 C
Yangon

ရသေ့တောင်မြိုနယ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ်များနှင့် မိခင်များ အပါအဝင် အရပ်သားပြည်သူ ၁၃ ဦးသေဆုံး

Must read

ရသေ့တောင်မြိုနယ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ်များနှင့် မိခင်များ အပါအဝင် အရပ်သားပြည်သူ ၁၃ ဦးသေဆုံး

ရန်ကုန်| မေ ၁၃

ရခိုင်ပြည်၊ ရသေ့တောင်မြိုနယ် ထွန်းရဝေကျေးရွာ (ဟောင်း) ကို ယနေ့ မေလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်ဝန်းကျင်တွင် အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်လေယာဉ် တစ်စီးဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချခဲ့ရာ ကလေးငယ်များနှင့် မိခင်များ အပါအဝင် အရပ်သားပြည်သူ ၁၃ ဦးသေဆုံးသွားသည်။

“လောလောဆယ် သေဆုံးတာတာ ၁၃ ယောက်ပါဗျာ။ ပွဲချင်းပြီး သေဆုံးသွားတာလို့ ဆိုရမှာပါ။ ဒဏ်ရာကရထားတာက ၂၀ ဦးနဲ့အထက်ပါ။ ထိခိုက်သေဆုံးတဲ့သူတွေက ဒီထက်လည်း များလာနိုင်ပါတယ်။ စာရင်းအတိကျ နာမည်တွေက နောက်မှ ပြောနိုင်ပါမယ်။ ဒီစာရင်းကတော့ လောလောဆဲ အတည်ပြုနိုင်ပါတယ်” ဟု ဒေသသတင်း ရင်းမြစ်က ပြောသည်။

ထွန်းရဝေကျေးရွာမှာ စစ်ဘက်ရေးရာနှင့် မသက်ဆိုင်ဘဲ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ပေါင် ၅၀၀ ဗုံး ၂ လုံး အသုံးပြု ကျဲချတိုက်ခိုက်ခဲ့ ဖြစ်ကြောင်း သိရှိရသည်။

“ဒဏ်ရာရသူတွေကိုတော့ အရေးပေါ် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း‌တွေဆီ ပိုထားပါတယ်။ အဲဒီမှာ အရေးပေါ်လူနာတွေလည်း ပါဝင်ပါတယ်။ အသက်အန္တရာယ်စိုးရိမ်ရတဲ့သူတွေပေါ့” ဟု အခြား သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အာရက္ခတပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခကလည်း ရသေ့တောင်မြိုနယ် ထွန်းရဝေကျေးရွာ ဗုံးကြဲခံရမှုဖြစ်စဉ်တွင် သေဆုံး ၁၃ ဦး၊ ဒဏ်ရာရရှိသူ ၂၀ ဦးကျော်နှင့် လူနေအိမ် ၁၂ လုံး ထိခိုက်ပျက်စီးသွားသည်ဟု မီဒီယာများအား အတည်ပြုပြောကြားထားသည်။

သေဆုံးသူ ၁၃ ဦးထဲတွင် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ၁၀ နှစ်အရွယ် ကလေးငယ် တစ်ဦးပါဝင်ကြောင်းနှင့် အမျိုးသမီးများလည်းပါဝင်ကြောင်း သိရသည်။

“စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ လာကျဲသွားတာ။ ဒီရွာက အိမ်ခြေ ၂၀၀ လောက်ရှိမယ်။ စစ်ရေးနဲ့ ဘာမှ မသက်ဆိုင်တဲ့ရွာပါ။ ရွာသူရွာသားတွေ အေးအေးဆေးဆေး နေနေကြတာကို စစ်ကောင်စီက ဗုံးလာကြဲသွားတာ။ အခု အပျက်အစီးတွေ ကြားထဲမှာ သေဆုံးသူတွေ ထပ်ရှိနိုင်တာကြောင့် အခု စာရင်းထက် ပိုများလာနိုင်ပါတယ်” ဟု ရသေ့တောင် ဒေသပြည်သူတစ်ဦးက ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီက ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာကိုလည်း ယနေ့ မေလ ၁၃ ရက် နံနက် ၄ နာရီဝန်းကျင်တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ လိပ်ခမော်ဘုန်းတော်ကြီးကျောင်း မီးလောင်ပြာကျပျက်စီးသွားကြောင်း သိရသည်။

ငလျင်ကို အကြောင်းပြ၍ စစ်ကောင်စီက မေလ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲသည်ဟု ကြေညာထားသော် လည်း ရခိုင်၊ စစ်ကိုင်း၊ ကရင်နီနှင့် ကရင်ပြည်နယ်တိုကို နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေသည်။

ယမန်နေ့ မေလ ၁၂ ရက် နံနက် ၁၀ နာရီဝန်းကျင်က စစ်ကိုင်းတိုင်း ဒီပဲယင်းမြိုနယ် အိုးထိမ်းကွင်းကျေးရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဆရာမနှစ်ဦးအပါအဝင် ကလေးငယ် ၂၂ ဦးသေဆုံးခဲ့ရပြီး ၆၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article