ရန်ကုန်၊ မေ ၁၄
ရန်ကုန်မြို့တွင် စစ်မှုထမ်းခိုင်းရန် အသက်မပြည့်သေးသော ကျောင်းသားမောင်ထက်ဝေယံ အပါအဝင် လူငယ်များကို စစ်သားအဖြစ် ရောင်းစားခံရမှုများရှိနေကြောင်း စစ်တပ်လော်ဘီများဝန်ခံပြောဆိုလိုက်ကြသည်။
မေလ ၁၃ ရက်နေ့ စစ်တပ်လော်ဘီ နောင်တော်ကလေး လုပ်ကိုင်နေသည့် Myanmar National Post တယ်လီဂရမ်ချန်နယ်မှတစ်ဆင့် ကွမ်းခြံကုန်းမြို့နယ် ပကောက်ကျေးရွာအုပ်စု ပဒုံစောကျေးရွာမှ ကျောင်းသား မောင်ထက်ဝေယံနှင့် မောင်မိုးချစ်နောင်တို့ ၂ ဦး ရန်ကုန်တွင် သွားရောက် အလုပ်ရှာရာမှ စစ်မှုထမ်း တပ်သားများအဖြစ် ဖမ်းဆီးရောင်းစားခံလိုက်ရကြောင်း မိဘဆွေမျိုးများနှင့်တွေ့ဆုံမေးမြန်း၍ ထုတ်ပြန်ထားသည်။
ဧပြီလ ၂၉ ရက်နေ့ ကွမ်းခြံကုန်းမြို့နယ်၊ ပကောက်ကျေးရွာအုပ်စု၊ ပဒုံစောကျေးရွာမှ ၁၂ တန်းကျောင်းသား မောင်ထက်ဝေယံနှင့် အစ်ကိုဖြစ်သူ မောင်မိုးချစ်နောင်တို့က ရန်ကုန်တွင် အလုပ်သွားလုပ်ရန် ထွက်သွားခဲ့ကြောင်း၊ ယင်းနောက် မေလ ၁၀ ရက်နေ့တွင် လူ ၆ ဦးက စစ်ဆေးမေးမြန်းရန်ရှိသည်ဟုဆိုကာ ဖမ်းဆီးသွားပြီး ရမည်းသင်း စစ်တပ် လေ့ကျင့်ရေးကျောင်း သို့ ပို့ဆောင်ခံလိုက်ရကြောင်း သိရှိရသည်။
” ဦးဌေးအောင်ရဲ့သား မောင်ထက်ဝေယံက ၁၁ တန်းဖြေပြီး ၁၂ တန်းတက်ရမယ့် သူပါ။ နောက်တစ်ဦးက မောင်မိုးချစ်နောင်တို့ ဖြစ်ပါတယ်။ ကျောင်းသားက စစ်မှုထမ်းနဲ့မသက်ဆိုင်သေးပါဘူး။ အသက် ၂၂ နှစ်အရွယ် တစ်ဦးကလည်း နိုင်ငံတော်က ဆင့်ခေါ်စာတွေ ဘာတွေ မရသေးဘူး။ အဲဒါကြောင့် ပြန်လည်အပ်နှင်းစေချင်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဖို့ ရောင်းစားခံလိုက်ရတာ။ ခေါ်စာလည်းမရောက်သေးဘဲ လှည့်စားခြင်းကို ခံလိုက်ရတာပါ။ ကျောင်းသားက သူ့အကိုနဲ့ ကျောင်းပိတ်တဲ့အချိန်လေးမှာ ရန်ကုန်ကို အလုပ်သွားလုပ်မယ်ဆိုပြီးတော့ တက်သွားတာ။ ရမည်းသင်းလေ့ကျင့်ရေးကို ရောက်နေပြီတဲ့။ လူ ၅ ၊ ၆ ယောက်က ဘယ်သွားမလို့လဲ စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်သွားတာကနေ ရောင်းစားခံလိုက်ရတာ” ဟု ဘုန်းကြီး ဦးပညာဝံသက စစ်လော်ဘီချန်နယ်မှ တစ်ဆင့် မိန့်ကြားထားသည်။
အလားတူ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဘိုရင်ကလေးကျေးရွာ အုပ်ချုပ်ရေးမှူး မျိုးသိန်းက လူစားထိုးစစ်မှုထမ်း တပ်သားအရောင်းအဝယ်များ လုပ်ဆောင်လျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဘိုးရင်ကလေးကျေးရွာမှ အုပ်ချုပ်ရေးမှူး မျိုးသိန်းက ပွဲစားများအဖြစ် ဇရပ်ကွင်းကျေးရွာနေ သန်းလှိုင်၊ အောင်ခိုင်မိုးတို့ကို စေလွှတ်၍ ပဲခူးတိုင်းနှင့်ဧရာ၀တီတိုင်းတို့မှ လူငယ်များကို အလုပ်ရမည်ဟုဆိုကာ လိမ်ခေါ်၍ လူစားထိုးစစ်မှုထမ်းတပ်သားသစ်များအဖြစ် အရောင်းဝယ်လုပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
” အုပ်ကြီး မျိုးသိန်းက ဧရာဝီတိုင်းနဲ့ ပဲခူးတိုင်းမှ လူငယ်တွေကို ပွဲစားတွေ လွှတ်ပြီး လိမ်ခေါ်နေပါတယ်။ အလုပ်ရမယ်ဆိုပြီး လူစားထိုး စစ်မှုထမ်းတပ်သားတွေအဖြစ် စစ်တပ်ထဲကို ရောင်းစားနေတာပါ။ လိမ်ခေါ်လာတဲ့ လူငယ်တွေကို လူစားထိုးအဖြစ် စစ်မှုထမ်းရမယ့် လူငယ်ရဲ့ မှတ်ပုံတင်တွေနဲ့ အပြောင်းအလဲလုပ်ပြီး စစ်တပ်ထဲထည့်တာ။ အကုန်ပေါင်းစားနေကြတာပါ” ဟု ယင်းဖြစ်စဉ်ကို သိရှိထားသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ထို့ပြင် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ဘိုးရင်ကလေးကျေးရွာတွင် အုပ်ချုပ်ရေးမှူး မျိုးသိန်းနှင့်အဖွဲ့က စစ်မှုကြေးအဖြစ် အိမ် ထောင်စု တစ်စုလျှင် ငွေကျပ် ၇၀၀၀၀ ကျပ်နှုန်းဖြင့် အိမ်ထောင်စုပေါင်း ၈၅၀ ကျော်ထံမှ ငွေကြေးများ ကောက်ခံနေကြောင်း၊ စစ်မှုထမ်းရမည့် လူငယ်များ၏ မိသားစုများထံမှလည်း လူစားထိုး ကြေးအဖြစ် အနည်းဆုံး ၁၅ သိန်းကျပ် သိန်း ၃၀ အထိ ကောက်ခံလျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ – စစ်မှုထမ်းအဖြစ် ရောင်းစားခံရသော ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်း၊ ပဒုံစောကျေးရွာမှ မောင်ထက်ဝေယံ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
