26 C
Yangon

၂၀၂၅ ခုနှစ်အတွင်း NUG ကို အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ်အဖြစ် နိုင်ငံရေးနှင့် စစ်ရေး နောက်တစ်ဆင့် တက်ရန် ခေါင်းဆောင်များအားလုံး သဘောတူညီဟု NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး အသိပေး

Must read

ရန်ကုန်၊ မေ ၁၅

၂၀၂၅ ခုနှစ်အတွင်း အမျိုးသာညီညွတ်ရေးအစိုးရ- NUG ကို အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ်အဖြစ် နိုင်ငံရေးနှင့် စစ်ရေး နောက်တစ်ဆင့် တက်ရန် တိုင်းရင်းသားနှင့် တော်လှန်ရေး ခေါင်းဆောင်များအားလုံးသဘောတူညီထားပြီဖြစ်ကြောင်း ပြည် တွင်းရောက်ရှိနေသည့် NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အသိပေးပြောဆိုလိုက်သည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက အမြဲ ပုံမှန် ထုတ်လွှင့်နေသည့် ပြည်သူမှ ပြည်သူသို့ အစီအစဉ်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် NUG ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက အထက်ပါအတိုင်း ပြောဆိုသည်။

NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အဖြစ် NUG ယာယီသမ္မတကြီး၏ ညွှန်ကြားချက်အရ ပြည်တွင်းသို့ အပြီး ပြန်လည် ရောက်ရှိခဲ့ကြောင်း၊ ယင်းနောက် သက်ဆိုင်သော တွေ့သင့်တွေ့ထိုက်သည့် တိုင်း ရင်းသားခေါင်းဆောင်များအားလုံးနှင့် တွေ့ဆုံခဲ့ကြောင်း၊ ထိုသို့ တွေ့ဆုံချိန်တွင် NUG ကို အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ်အဖြစ် နိုင်ငံရေး၊ စစ်ရေး နောက်တစ်ဆင့် တက်ရန် ခေါင်းဆောင်များအားလုံးသဘောတူညီကြကြောင်း ပြောဆိုသည်။

“၂၀၂၁ ရဲ့ အခြေအနေနဲ့ ၂၀၂၅ ရဲ့ အခြေအနေက မတူတော့ဘူးဆိုတာကို တော် လှန်ရေးခေါင်းဆောင်များအားလုံး နဲ့ ပြောဖြစ်ပါတယ်။ အဲဒီမတူတဲ့ အခြေ အနေပေါ်မှာ မူတည်ပြီးတော့ ဒီ ၂၀၂၅ မှာ တကယ်တော့ လက်ရှိတော်လှန် ရေးမှာ မြေနေရာတွေ၊ Territory တွေ ပိုင်ဆိုင်နေတယ်၊ စစ်ရေးအရ တပ်အင်အားတွေ လက်နက်အင်အားတွေ ပိုင်ဆိုင်နေတယ်။ နိုင်ငံရေးအရလည်း ပြည်သူ လူထု တစ်ရပ်လုံးက ထောက်ခံနေတယ်။ ဒီတိုင်းရင်းသားခေါင်း ဆောင်တွေ တော် လှန်ရေးခေါင်းဆောင်တွေက တော် လှန်ရေး နောက်တစ်ဆင့် အားလုံး စုစည်းကြရမယ်၊ ပေါင်း စည်းကြရမယ်၊ စုစည်းကြရမယ်၊ ညီညွတ်ကြရမယ်၊ ပါဝင်ကြရမယ်ပါဝင်ဖို့လိုတယ်ဆိုတာကို ကျနော်တို့ ဆွေး နွေးဖြစ်ပါတယ်။ ဒါကြောင့် တကယ်တော့ ဒီတော်လှန်ရေးရဲ့ အနေအထားက ၂၀၂၁ တုန်းက ဖွဲ့ စည်း ခဲ့တဲ့ NUG ကို နောက်တစ်ဆင့် တက်ပြီး ၂၀၂၅ မှာ အသွင်ကူးပြောင်းရေးကာလ အစိုးရတစ်ခု ပေါ်ပေါက်လာဖို့အတွက် တကယ်တော့ တော် လှန်ရေးအင်အားစုများ၊ ခေါင်းဆောင်များရဲ့ ပုခုံးပေါ်မှာ ရောက်နေပြီဆိုတာ ကျနော်တို့ ဆွေးနွေးဖြစ်ပါတယ်။ ခေါင်းဆောင်တွေ အားလုံးကလည်း သဘောတူပါတယ်။ ဒါကြောင့် ကျနော်တို့တတွေ ၂၀၂၅ မှာ ကျနော်တို့ အချင်းချင်းကြားမှာ သွေးစည်းမှု ညီညွတ်မှု နားလည်မှုတွေနဲ့ ၂၀၂၅ မှာ စစ်ရေး နိုင်ငံရေး နောက်တစ်ဆင့် တက်ဖို့ ကျနော်တို့ အဆင်သင့်ဖြစ်နေတယ်လို့ မြင်ပါတယ်လို့ ကျနော် ပြန်ရောက်ပြီး ဆွေးနွေးချက်တွေအရ ကျနော်နားလည်ပါတယ်” ဟု ဒေါက်တာဇော်ဝေစိုးက ပြောဆိုသည်။

မြေပြင်တွင် တော်လှန်ရေးသမားများနှင့်အတူ ရှိနေချိန်တွင် ပြည်သူလူထုကလည်း တော်လှန်ရေးကို ဆက်လက် ပါဝင်နေဆဲဖြစ်ပြီး PDF များကလည်း တက်ကြွနေဆဲဖြစ်ကြောင်း၊ လက်ရှိ မြေပြင် အခြေအနေများအရ တော်လှန် ရေးမှာ လုံး၀ အောင်မြင်လိမ့်မည်ဟု ယုံကြည်ကြောင်း သူက ဆက်ပြောသည်။

“မြေပြင်မှာရက်ရက်စက်စက် ခံစားနေရတဲ့ ပြည်သူတွေ ၊ CDM တွေ ဆရာ၊ ဆရာမတွေ ကျန်းမာရေး ဝန်ထမ်းတွေ တော်လှန် ရေးသမားတွေနဲ့အတူ ရှိချင်တယ် ။ ရှိဖို့လိုတယ်။ ဒါကြောင့်လည်း NUG ရဲ့ Reform Process တစ်ခုအနေနဲ့ မြေပြင်ကို ရောက်လာတယ်။ ပြန်ရောက်လာတဲ့သဘောရှိပါတယ်။ ဒီမှာ ရောက် ရောက်ချင်းတော့ ဘာတွေ လုပ်ရလဲဆိုတော့ အရင်ဆုံးတော့ နိုင်ငံရေးသဘောအရ တိုင်းရင်းသား အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့တွေ့ရတယ်။ တော် လှန်ရေးအဖွဲ့အစည်းဦးဆောင်သူတွေနဲ့ တွေ့ရတယ်။ ကျနော်တို့ အားလုံးကို တွေ့ပြီးပြီလို့ပြောရင်ရတယ်။ တွေ့ပြီးတော့ ကျနော် သူတို့တွေနဲ့ အတူတူနေတယ်။ အတူတူစားတယ်၊ အတူတူနားတယ်။ အတူတူဆွေးနွေးကြတယ်။ အချိန်ယူပြီးဆွေးနွေးကြတယ်။ Formal ၊ Informal ရင်းရင်းနှီးနှီးနဲ့ကို ပြောဆို ဆွေးနွေးကြတယ်။ လုပ်ခွင့်ရတယ်။ လုပ်ရတယ်။ ဒါက သိပ်ကိုအရေးကြီးပါတယ်။ ဒါက ကျနော်တို့ရဲ့ တော်လှန်ရေးကာလအတွင်းမှာ ဒီဟာက ပထမဦးဆုံးအကြိမ် လူကိုယ်တိုင် တွေ့ရတဲ့ ခေါင်းဆောင်တွေ အများကြီးရှိပါတယ်။ တော် လှန်ရေးသမားတွေ အများကြီးရှိတယ်။ မြေပြင်တပ်မှူးတွေ အများကြီးရှိတယ်။ သူတို့တတွေနဲ့ တွေ့ရဆုံရ ရင်းနှီးရ အတူတူ ရင်ဆိုင်ရတဲ့ အခြေအနေတွေဟာ သိပ်ကို ကောင်းတယ်။ တော်လှန်ရေးအတွက် အများကြီးအထောက် အကူဖြစ်မယ်လို့မြင်ပါတယ်။ ဒါ့အပြင် ပြန်ရောက်ပြီး ဆွေးနွေးတဲ့အချိန်မှာ မြေပြင်မှာရှိတဲ့ ပြည်သူတွေ CDM တွေ တပ်မှူးတွေ PDF တွေနဲ့ ကျနော် တွေ့ဖြစ်ပါတယ်။ ဒါလည်း အရမ်းကို အားရှိပါတယ်။ ပြည်သူတွေက အခုထက်ထိ တော်လှန်ရေးကို ခုခံဆဲ တော်လှန်ရေးနဲ့ အတူရှိနေဆဲဖြစ်ပါတယ်။ PDF တွေက အခုထက်ထိ တက်ကြွဆဲ ပြည်သူနဲ့အတူ ရှိဆဲပါ။ တော်လှန်ရေးနဲ့အတူရှိဆဲပါ။ CDM တွေက ပြည်သူနဲ့အတူ တော်လှန်ရေးနဲ့အတူ ရှိဆဲပါ။ အားလုံး တော်လှန်ရေးအင် အားစုများက ရည်ရွယ်ချက်တူ ပန်းတိုင်တူ ချီတက်နေဆဲဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ ဒါကြောင့် အားလည်းရှိပါတယ်။ ဒါကြောင့်လည်းပဲ ကျနော်တို့ တော် လှန်ရေးအောင်မြင်လိမ့်မယ်လို့ ယုံကြည်ပါတယ်လို့ ပြောချင်ပါတယ်။ ဘယ်လောက်ပဲ အခက်အခဲတွေရှိရှိ ဘယ်လောက်ပဲပင်ပန်းပင်ပန်း ဘယ် လောက်ပဲ တစ်ဖက် ရက်စက်ရက်စက် ကျနော်တို့အားလုံး ဒီစိန်ခေါ်မှုတွေ အား လုံးကို ကျော်လွှားပြီး တော်လှန်ရေး အောင်မြင်လိမ့်မယ်လို့ မြေပြင် ရောက်တဲ့အချိန်မှာ ကျနော်ပိုပြီး ယုံကြည်ပါတယ်လို့ ပြောချင်ပါတယ်” ဟု ဒေါက်တာဇော်ဝေစိုးက ရှင်းပြသည်။

NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီ သမ္မတ ဒူဝါလရှီးလ၏ ညွှန်ကြားချက်နှင့်အညီ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းအတွင်း ပြည်ပမှ မြန်မာနိုင်ငံသို့ အပြီး ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article