မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ရှိ စက်သုံးဆီဆိုင် အပါအဝင် ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ပြင်ဦးလွင် ခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၁၇ ရက်နေ့ နံနက် ၇ နာရီ ၅၈ မိနစ်ခန့်တွင် တံတားဦးမှ တက်လာသည့် ဂျက်ဖိုက်တာ ၁ စီးက စဉ့်ကူးမြို့နယ် စိုက်ကွင်းကျေးရွာ ပြည့်ဝထွန်း ဆီပန့်ဆိုင်ရှေ့ ၊ ကျေးရွာအတွင်းနှင့် စက်ကြီးကွင်း တို့ကို ပေါင် ၃၀၀ ဗုံးဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း အဆောက်အဦး ၂ လုံးပျက်စီးခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
မေလ ၁၈ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ်ခန့်တွင် တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာ ၁ စီးဖြင့် စဉ့်ကူးမြို့ မြောက်ဘက်ရှိ သီလရွာကြားကို ပေါင် ၃၀၀ ဗုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းလေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ အထိခိုက်မရှိကြောင်း သိရှိရသည်။
“ပြည်သူတွေတော့ ထိခိုက်တာမရှိပါဘူး။ အဆောက်အဦးတွေပဲ ပျက်စီးတာရှိတယ်” ဟု ပြင်ဦးလွင် ခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီနှင့် ဝေးရာတွင် နေထိုင်ကြရန်နှင့် လေကြောင်းရန်ကာကွယ်နိုင်ရန်အတွက် ဗုံးခိုကျင်းများ တူးထားကြရန် ပြင်ဦးလွင် ခရိုင် ပကဖ က အသိပေးနှိုးဆော်ထားသည်။


