အိန္ဒိယ-မြန်မာ နယ်စပ်၊ တမူးမြို့အနီး ပကဖ ၁၀ ဦး ကျဆုံးခဲ့မှုအတွက် အမျိုး သားညီညွတ်ရေးအစိုးရ-NUG က အိန္ဒိယအစိုးရနှင့် အမှုမှန်ပေါ်ပေါက်ရေး ညှိနှိုင်းဆောင်ရွက်နေဟု NUG၏ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
“အိန္ဒိယ – မြန်မာ နယ်စပ် တမူးမြို့ အနီး ပကဖ အဖွဲ့ဝင် (၁၀) ဦး ကျဆုံး ခဲ့ရ သည့်ကိစ္စ နှင့်ပတ်သက်၍ အမျိုးသား ညီညွတ်ရေး အစိုးရ တာဝန်ရှိသူများ အနေဖြင့် လက်ခံရရှိသည့် သတင်းပေးပို့ တိုင်ကြားချက်များ အပြင် ကနဦး မြေပြင်အခြေအနေ ကြားနာ စစ်ဆေးမှု အစီရင်ခံစာ တွေ့ ရှိချက်များ အရ အိန္ဒိယ အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံ ၍ အမှုမှန်ပေါ်ပေါက်စေရေး ဆက်လက် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း ကနဦး အသိပေး တင်ပြအပ်ပါတယ်” ဟု NUG က သတင်းထုတ်ပြန်ထားသည်။
အိန္ဒိယနိုင်ငံမှ လာသော သတင်းများတွင် မေလ ၁၄ ရက်နေ့ အိန္ဒိယနိုင်ငံ၊မဏိပူရပြည်နယ် Chandel ခရိုင်တွင် လက်နက်ကိုင် အဖွဲ့တစ်ခုနှင့် အိန္ဒိယစစ်တပ်အကြား ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အိန္ဒိယစစ်တပ်က လက်နက်အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်မှုတွင် လက်နက်ကိုင်အဖွဲ့ဝင် ၁၀ ဦးသေဆုံးကြောင်း သိရှိရသည်။
အိန္ဒိယသတင်းများက လက်နက်ကိုင် ၁၀ ဦးသည် နယ်စပ်ဖြတ်ကျော် လှုပ် ရှားမှုတွင် ပါဝင်ပတ်သက်ပြီး အိန္ဒိယ-မြန်မာနယ်စပ်ရှိ ကျေး ရွာအနီး အိန္ဒိယစစ် တပ်က ကင်းလှည့်နေစဉ် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းနောက် အိန္ဒိယစစ်တပ်က ပြန် လည် ပစ်ခတ်ခဲ့ရာမှ ၁၀ ဦး သေဆုံးခဲ့ကြောင်း အိန္ဒိယ၏ တစ်ဖက်သတ် ထုတ်ပြန်သော သတင်းများတွင် ရေးသားထားသည်။
အိန္ဒိယစစ်တပ်က တိုက်ပွဲအပြီး AK-47 သေနတ် ၇ လက်၊ RPG (ဒုံးပျံပစ်လောင်ချာ) လောင်ချာ ၁ လက်၊ M4သေနတ် ၁ လက်နှင့် အခြားရိုင်ဖက် သေနတ် ၄ လက် အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု အိန္ဒိယသတင်းများက ဆိုသည်။
