30 C
Yangon

ဖားကန့်သို့ ချီတက်လာသော စစ်တပ်စစ်ကြောင်းကို တံတားညီနောင်တွင် ပိတ်ဆို့တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ မေ ၂၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်သို့ ချီတက်လာသော စစ်တပ် စစ်ကြောင်းကို တံတားညီနောင်တွင် ပိတ်ဆို့တိုက် ခိုက်လျက်ရှိရာ စစ်သားအများအပြား ထိခိုက်သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယနေ့မေလ ၂၁ ရက်နေ့ ဖားကန့်မြို့သို့ စစ်ကြောင်း ၂ ကြောင်းဖြင့် ချီတက်လာသော စစ်ကောင် စီ စစ်ကြောင်းသည် လဝါး – ကာမိုင်း -နန့်ယား – ဖားကန့်လမ်းပိုင်းရှိ တံတားညီနောင်သို့ရောက်ရှိနေ ပြီး KIA ၊ KPDF တပ်ဖွဲ့ဝင်များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ အများအပြား သေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“အခုလောလောဆယ် နန့်ယားကို ကျော်လာပြီးတော့ တံတားညီနောင် နားတဝိုက်မှာ တိုက်ပွဲအကြီး အကျယ်ဖြစ်နေတာ၊ ဒီနေ့လည်း မနက်ပိုင်းမှာ ဂျက်ဖိုက်တာ ၂ စီးနဲ့လာပစ်သွားတယ်၊ မနေ့တုန်းက ရော၊ တနေ့တုန်းကပါ နေ့တိုင်း ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုလုပ်နေတယ်၊ အဲဒီမှာ စစ် ကောင်စီဘက်က ထိခိုက်တာတွေ၊ သေဆုံးတာတွေ အများကြီးရှိတယ်၊ နောက်ပြီးတော့ သူတို့ဆီက လက်နက်သိမ်းဆည်းရရှိတာတွေ အများကြီးရှိတယ်။ တိုက်ပွဲကတော့ နေ့တိုင်းပြင်းထန်နေတယ်၊ လောလောဆယ်တော့ တံတားညီနောင်ကို နည်းနည်းကျော်လာပြီ။ ထိခိုက်ကျဆုံးတာရှိပေမယ့် စစ် ကောင်စီတွေက အသေခံပြီးတက်လာတာ၊” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် လဝါး – ကာမိုင်း – နန့်ယား – ဖားကန့်လမ်း ပိုင်းနှင့် အင်းတော်ကြီး – ဖားကန့်လမ်းပိုင်းတို့ကို ပြန်လည်ထိန်းချုပ်ရေးအတွက် အကြမ်းဖက် စစ် ကောင်စီတပ်က စစ်သား၊ ပြည်သူ့စစ် ပူးပေါင်းကာ အင်အား ၆၀၀ ကျော်၊ တင့်ကား ၂ စီး တို့ဖြင့် ဖား ကန့်သို့ ချီတက်နေခြင်းဖြစ်ပြီး ၂၈ ရက်ကြာမြင့်ပြီဖြစ်သော်လည်း ဖားကန့်မြို့သို့ရောက်ရှိခြင်းမရှိ သေးပဲ လဝါး – ကားမိုင်း -နန့်ယား – ဖားကန့်လမ်းပိုင်းရှိ တံတားညီနောင်တွင် KIA ၊ KPDF တပ်ဖွဲ့ ဝင်များက ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ပွဲအတွင်း ဖားကန့်မြို့အခြေစိုက် တပ်မ ကုန်းမှ လက်နက်ကြီး ၃ လုံးဖြင့် ပစ်ကူပေးခဲ့ကြောင်း သိရသည်။

“မနေ့ညကလည်း ဖားကန့်တပ်မကုန်းကနေ တိုက်ပွဲဖြစ်တဲ့ ဖားကန့်လမ်းဘက်ကို လက်နက်ကြီးနဲ့ ၃ ချက်ပစ်ကူပေးတယ်၊ ဖားကန့်မှာတော့ အခြေအနေ နည်းနည်းငြိမ်သက်နေသေးတယ်၊ ဖားကန့်မြို့ ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တပ်စခန်းအပြင်တောင် သိပ်မထွက်ရဲတော့ဘူး။ ဖားကန့် တပ်မ ကုန်း၊ ဖားကန့်ရဲစခန်း၊ ကံဆည်းဗျူဟာကုန်း၊ မစွက်ယန်ထန်ယမ်းချက် စခန်းအဲဒီနေရာမှာ ရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အပြင်မထွက်ရဲတော့ဘူး။ ဖားကန့်မှာက KIA ၊ KPDF တပ်ဖွဲ့ဝင် တွေက နယ်မြေစိုးမိုး ထိန်းချုပ်ထားတယ်။” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ကျောက်စိမ်းအဓိက ထွက်ရှိရာ ဖားကန့်မြို့သို့ အဓိက ဦးတည်၍ အင်အား ၆၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာနေခြင်းဖြစ်ကြောင် သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article