စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ အုပ်စက်ရပ်ကွက်တွင် အမျိုးသား ၁ ဦးကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီးများက ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းကို လမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်း ပြည်သူ့ဘက်တော်သားအဖွဲ့ သတင်းတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၂၀ရက်နေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် စစ်ကိုင်းမြို့ အုပ်စက်ရပ်ကွက်ကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီး ခေါင်းဆောင် အောင်အောင်ဦးအဖွဲ့က ကား ၃ စီးဖြင့် ရောက်ရှိလာပြီး အသက် ၃၅ နှစ် အရွယ် အမျိုးသား ၁ ဦးကို ဖမ်းဆီး သတ်ဖြတ်၍ ရုပ်အလောင်းကို လမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်း သိရသည်။
“အုပ်စက်ရပ်ကွက်ထဲမှ လမ်းသွားလမ်းလာပြည်သူ အမျိုးသား ၁ ဦးကို ဖမ်းဆီးပြီး ပစ်သက်သွားတာ ပြီးတော့ နာရေးကူညီမှု အသင်း တစ်ခုကို အလောင်းလာကောက်ခိုင်းပြီး ခွေးတွေက တခါတည်း သဂြိုဟ်ခိုင်းလိုက်တာ အခုက ရွှေကျားပြီးတော့ ဆီတွေကအစ ဖမ်းဆီးသောင်းကျန်းနေတာ အဲ့ကောင်ပဲ မင်းလမ်းက ပျူစောထီးရပ်ကွက် အင်အား များတယ်။ ပျူစောထီး ခွေးခေါင်း
ဆောင် ဥက္ကဠ အဲ့အဆင့်လောက်ပဲရှိတာ ရပ်ကွက်ပေါင်းစုံရဲ့ အကြီးဆုံး ပျူစောထီး ခွေးခေါင်းဆောင်ပဲ စစ်ကိုင်းတစ်နယ်လုံး ပျူစောထီး ခွေးတွေ အုပ်ကြီးတွေထဲမှာတော့ အမြင့်ဆုံးပေါ့” ဟု ပြည်သူ့ဘက်တော်သားအဖွဲ့မှ သတင်းတာဝန်ခံက ပြောဆိုသည်။
အဆိုပါ သတ်ဖြတ်ခံရသူ အမည်နှင့် နေရပ်လိပ်စာများကို ပြည်သူ့ဘက်တော်သားအဖွဲ့က စုံစမ်း ထောက်လှမ်းရေးများ လုပ်ဆောင်နေကြောင်း သိရသည်။
ထို့ပြင် မေလ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်ကလည်း စစ်ကိုင်းမြို့၊ အိုးဘိုရပ်ကွက် လမင်းသာ စားသောက်ဆိုင်အနီးတွင် တပ်မ ၃၃ မှ ထွက်လာသည့် စစ်သားနှင့် ပျူစောထီးများက ရွှေဘို-မန္တလေး လမ်းပိုင်း၌ ခရီးသွားကားများပေါ်မှ လူငယ် အမျိုးသား ၁၅ ဦးကို ပေါ်တာဆွဲကာ ထွေအုပ်ရုံးနှင့် တပ်မ ၃၃ ထဲသို့ ခေါ်ဆောင်သွားကြောင်း သိရှိရသည်။
ယင်းနေ့ မွန်းလွဲ ၁ နာရီခန့်တွင်လည်း အုပ်စက်ရပ်ကွက်ထဲကို ပျူစောထီး ၆ ဦးက အိမ်စီးကား ၁ စီးဖြင့် ရောက်ရှိလာပြီး ဗုံးတစ်လုံး ဖောက်ခွဲကာ ခြိမ်းခြောက်မှုများ လုပ်ဆောင်သွားခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ငလျင်လှုပ်ခတ်အပြီး စစ်ကိုင်းမြို့တွင်းရှိ နေရာအများအပြားတွင် ဖမ်းဆီး ငွေညှစ်မှုများ၊ နှိပ်စက်သတ်ဖြတ်မှုများ ပိုမိုလုပ်ဆောင်လာပြီး ဓာတ်ပေါင်းစုစေတီအနီး ငလျင်ဘေးဆန်အလှူ၌ တန်းစီနေသည့် အမျိုးသား ၇ ဦးကိုလည်း စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရသည်။
မေလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ခန့်ကလည်း ဧမြဝတီရပ်ကွက်နှင့် ဒါးဝယ်စျေး ရပ်ကွက်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများက စက်လက်များနှင့် အဆက်မပြတ် ရမ်းသမ်း ပစ်ခတ်ပြီး ပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။
“အဓိက မိန်းလမ်းတွေပေါ့။ အုပ်စက်ကလည်း မိန်းလမ်းဆိုတော့ အနောက်နယ်က တက်လာရင် အနောက်နယ်က တက်လာတဲ့ဟာတွေကို ဖမ်းဖို့ အဲလမ်းတွေကို ခဏခဏ ရောက်ရှိပြီး ဖမ်းစီးတာ ရွေ့လျှားမှုပုံစံနဲ့ ဖမ်းနေတာ စစ်ခွေးတွေ ဖမ်းဖို့ လူမရှိဘူးဖြစ်နေတယ် လောလောဆယ် လမ်းတွေခြောက်ကပ်ပြီး မြို့ပေါ်ကလူတွေလောက်ပဲရှိတာ မြို့ပေါ်ကလူတွေကလည်း နယ်မြေအခြေနေကြောင့် အဲဘက်လမ်းတွေ မလာရဲကြဘူ” ဟု ပြည်သူ့ဘက်တော်သားအဖွဲ့ သတင်းတာဝန်ခံက ပြောဆိုသည်။
