26 C
Yangon

ရခိုင်မှ လူငယ်များကို ပြည်ပနှင့် ပြည်မသို့ ထွက်ခွာခြင်း မပြုဘဲ စစ်မှုထမ်းရမည်ဟု AA က ကြေညာ

Must read

ရန်ကုန်| မေ ၂၃

ရခိုင်ပြည်တွင်းမှာ နေထိုင်သော ရခိုင်လူငယ်များကို ပြည်ပနှင့် ပြည်မသို့ ထွက်ခွာခွင့် မပြုဘဲ AA ထံတွင် စစ်မှု ထမ်းဆောင်ရမည် ဖြစ်ကြောင်း အာရက္ခတပ်တော် AA က ယမန်နေ့ ကြေညာချက် ထုတ်ပြန်လိုက်သည်။

တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သော အာရက္ခဒေသအတွင်းမှ နေရပ်စွန့်ခွာရန် အားထုတ် ကြိုးပမ်းနေကြသော ဒေသနေပြည်သူများ သိရှိလိုက်နာရန် အသိပေး တားမြစ်ချက် တစ်စောင်ကို ရခိုင်ဘာသာဖြင့် ယနေ့ မေလ ၂၂ ရက်နေ့ ထုတ်ပြန်သည်။

အသက် ၁၈ မှ ၂၅ အရွယ် အမျိုးသမီးများနှင့် အသက် ၁၈ မှ ၄၅ နှစ်အတွင်း အမျိုးသားများအားလုံး စစ်မှုထမ်းရမည်ဆိုသည့် AA ၏ အမျိုးသားကာ ကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက်(NDEP) ကြောင့် စစ်မှုမထမ်းလိုသည့် လူငယ်၊ လူရွယ်များမှာ ရပ်ရွာအတွင်းမှ တိမ်းရှောင်မှုများ ရှိနေကြောင်း၊AA ကျန်းမာရေးဌာနက ကုသမပေးနိုင်သည့် ပြင်းထန်ရောဂါသည် လူနာများနှင့် အသက်အန္တရာယ်စိုးရိမ်ရသော လူနာများမှလွဲ၍ မတ်လ ၁၈ ရက်နေ့က ထုတ်ပြန်လိုက်သည့် အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) ပါ အကျုံးဝင်သူများကို သွားလာခွင့်ပြုမည်မဟုတ်ဘဲ လက်ရှိတိုက်ပွဲများကြောင့် ဖြစ်ပေါ်လာသော အရေးပေါ်ကာလပြီးဆုံးချိန်အထိ တားမြစ်ထားမည်ဖြစ်ကြောင်း AA က ကြေညာသည်။

ရခိုင်မှ ထွက်ခွာလိုသူများကို ကုန်းလမ်း၊ ရေလမ်းမှ ပိုက်ဆံယူ ပို့ဆောင်ပေးသူများကိုလည်း “တွေ့ရှိပါက တည်ဆဲဥပဒေများအရ အရေးယူခြင်းခံရမည်”ဖြစ်ကြောင်း၊ အခြေခံစားသောက်ကုန်များ ရောင်းဝယ်သည့် ကုန်သည်များ၊ နွားကုန်သည်များ၊ နွားအငှားလိုက်သူများ စသည့် ကုန်သည်များအနေဖြင့်လည်း လူပိုခေါ်ခြင်း၊ အခကြေး ငွေယူ၍ လူကယ်ရီ မပြုလုပ်ရန် AA က တားမြစ်ထားသည်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထောင်ထားသည့် စွန့်မိုင်းများ မနင်းမိစေရန်၊ စစ်ကောင်စီထံ စစ်မှုထမ်း စုဆောင်းမခံရစေရန်၊ ကျားဖြန့်လုပ်ငန်းများအတွင်း လူကုန်ကူးမခံရစေရန်၊ တိုက်ပွဲများအကြား ကြားမညှပ်စေရန်၊ စစ်ကောင်စီ​၏ ရခိုင်လူမျိုး မှတ်ပုံတင် (၁၁/ ) ကိုင်ဆောင်ထားသူများကို ဖမ်းဆီးငွေညှစ်ခြင်း၊ ဖမ်းဆီးခြင်း၊ ပုဒ်မအမျိုးမျိုးဖြင့် ဖမ်းဆီးထောင်ချခြင်း၊ လူသတ်အလောင်းဖျောက်ခြင်းများ ပြုလုပ်နေသည့် အန္တရာယ်များမှ ကင်းဝေးရန်အတွက်လည်း ရည်ရွယ်ထုတ်ပြန်တားမြစ်ခြင်းဖြစ်ကြောင်း AA ၏ ကြေညာချက်တွင် ရေးသားထားသည်။

ULA/ AA အနေဖြင့် အရေးပေါ်ကာလ ကြေညာချက် ပြန်လည်ရုပ်သိမ်းမည့်အချိန်ကို ထပ်မံအသိပေး ထုတ်ပြနုသွားမည်ဖြစ်ကြောင်း၊ မပြီးပြတ်သေးသော မြို့သိမ်းတိုက်ပွဲများကို အကန့်အသတ်ဖြင့် ဆင်နွှဲရင်း အာရက္ခဒေသတခုလုံး အာရက္ခပြည်သူလက်ထဲ ရောက်ရှိရေးဟူသော ရည်မှန်းချက်ကို အကောင်အထည်ဖော်နေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article