ရန်ကုန်၊ မေ ၂၅
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ KNU တပ်မဟာ ၆ နယ်မြေအတွင်း၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများကို KNU က ယနေ့နံနက်ပိုင်း ထပ်မံ ထိုးစစ်ဆင်နေပြီး တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်သံများကြားနေရကြောင်း ထိုင်း-မြန်မာနယ်စပ် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ယနေ့ မေလ ၂၅ ရက်နေ့ နံနက် ၆ နာရီမှစတင်ပြီး KNLA ဦးဆောင်သော တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်များက ဒရုန်းများဖြင့် စစ်ကောင်စီတပ်စခန်းများကို စတင်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်တပ်ကလည်း လက်နက် ကြီးများဖြင့် ပြန်လည် ပစ်ခတ်နေကြောင်း သိရှိရသည်။
“ဒီမနက် ၆ နာရီမှာ ပစ်ခတ်မှု တွေစဖြစ်နေပြီ။ KNU ကလည်း ဒရုန်းတွေနဲ့ ချနေတယ်။ စစ်တပ်ကလည်း လက် နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်နေတယ်။ သေ့ဘောဘိုး စစ်တပ်စခန်းကို တိုက်တာလို့ ယူဆရတယ်။ ဘာလို့ဆိုတော့ တစ်နေ့က စခန်းသိမ်းထားတဲ့ ဘလက်ဒိုနဲ့ မလှမ်းမကမ်းလောက်မှာ ပစ်ခတ်သံတွေ ကြားရတော့ သေ့ဘောဘိုး စခန်းကို တိုက်တယ်လို့ ထင်ပါတယ်။ အတိအကျတော့ အသေးစိတ် စုံစမ်းနေတုန်းပဲ” ဟု ထိုင်း-မြန်မာနယ်စပ် စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၂၃ ရက်နေ့ ညနေ ၅ နာရီအချိန် စစ်ကောင်စီတပ်၏ ဘလက်ဒိုတပ်စခန်းကို KNU တပ်မဟာ ၆ ဦးဆောင်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (P.D.F) တို့မှ ပြန်လည် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ယနေ့ မေလ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်၏ စခန်းများကို KNLA ပူးပေါင်းတပ်များက ထပ်မံထိုးစစ်ဆင် တိုက်လာခြင်းဖြစ်ကြောင်း၊ KNLA က ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို မရပ်မနား တောက်လျှောက် ထိုးစစ်ဆင်လျက်ရှိကြောင်း သိရှိရသည်။
လက်ရှိ သတင်းအချက်အလက်များအရ သေ့ဘောဘိုးရွာရှိ သေ့ဘောဘိုးစစ်တပ်စခန်းကို KNLA မဟာ မိတ်တပ်များက စတင်တိုက်ခိုက်လျက်ရှိသည်ဟု ယူဆရပြီး စစ်ကောင်စီတပ်၏ ဝေါလေစစ်ဗျူဟာ၊ ကနဲလေးစခန်း၊ ထီကပလယ်စခန်း၊ဥကရစ်ထစခန်းတို့ကိုလည်း KNLA မဟာမိတ်တပ်များက ၀ိုင်းဝန်းပိတ်ဆို့ ဖြတ်တောက်ထားကြောင်း ထိုင်း-မြန်မာနယ်စပ်စစ်ရေး သတင်းရင်းမြစ်၏ အဆိုအရ သိရှိရသည်။
ဓာတ်ပုံ – ထိုင်း-မြန်မာနယ်စပ် မေလ ၂၃ ရက်နေ့ ဘလက်ဒိုစခန်းသိမ်းတိုက်ပွဲတွင် သိမ်းဆည်းရရှိထားသည့် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
