ရန်ကုန်၊ မေ ၂၈
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာသူများပြားပြီး နိုင်ငံခြားငွေသုံးစွဲမှုများပြားနေ သည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မှတ်ချက်ပြုမှု၏ နောက်ဆက်တွဲအဖြစ် ပြည်ပသို့ ထွက်ခွာမှုများအားလုံးကို စိစစ်ပြီးမှ ခွင့်ပြုချက်ပေးရန် စစ်ကောင်စီအတွင်း စတင်ဆွေးနွေးနေကြောင်း နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်က ပြောဆိုသည်။
မေလ ၂၀ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သော စစ်ကောင်စီအစည်းအဝေးတွင် အကြမ်းဖက် စစ်ခေါင်း ဆောင် မင်းအောင်လှိုင်က မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာမှုများကြောင့် နိုင် ငံခြားငွေသုံးစွဲမှုများပြားပြီး နိုင်ငံခြားငွေစျေး မြင့်တက်နေရကြောင်း မှတ်ချက်ပြု ထုတ်ဖော်ပြောဆိုပြီးနောက် ယင်းကဲ့သို့ ပြည်ပထွက်ခွာမှုများအားလုံးကို စိစစ်ပြီးမှ ခွင့်ပြုချက်ပေးရန် စစ်ကောင်စီအတွင်း စတင် ဆွေးနွေးမှုများ ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။
“ပြည်ပကို နေ့စဉ် ထွက်ခွာနေတဲ့ ဘုရားဖူး၊ သာသနာပြု၊ အလည်၊ ဆေးကု၊ ကျောင်းသား၊ စီးပွားရေး ၊ အလုပ် အကိုင် စတဲ့ အကြောင်း အရာတွေကို ပြန်လည် စိစစ်ပြီး တကယ်လိုအပ်လို့ သွားသင့်သွားထိုက်တဲ့ဟာတွေကိုပဲ စိစစ်ခွင့်ပြုပေးဖို့ စပြီး ဆွေးနွေးနေကြပြီ လို့သိရတယ်။ ဘယ်လိုပုံစံမျိုးနဲ့ ခွင့်ပြုမှာလဲ၊ ဘယ်လို စိစစ်မလဲတော့ မသိရသေးဘူး။ ဝန်ကြီးဌာနပေါင်းစုံနဲ့ စိစစ်တဲ့ လမ်းကြောင်းတစ်ခု ပေါ်လာနိုင်တယ်။ တပ်ချုပ်ရဲ့ မှတ်ချက်ကြောင့် စိစစ်မှုတွေ လုပ်ဖို့ စလုပ်တာလို့ သိရတယ်” ဟု နေပြည်တော် စစ်ဘက် သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် စက်သုံးဆီနှင့်ပတ်သက်၍ နှစ်စဉ် အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့်တန်ဖိုးရှိ စက်သုံးဆီများကို တင်သွင်းနေရကြောင်း၊ လောင်စာဆီသုံးစွဲမှု လျှော့ချနိုင်ရေးအတွက် လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဉ် (EV) တင်သွင်းမှုများကို ခွင့်ပြု ပေးထားသော်လည်း နိုင်ငံခြားငွေလိုအပ်ချက်များရှိနေသည့်အတွက် ကန့်သတ်ချက်ရှိ ကြောင်း၊ ကုန်သွယ်မှု ပိုငွေပြနေသော်လည်း အခြားသုံးစွဲမှုများ အနုတ်များ များပြားမှုရှိနေခြင်းကြောင့် နိုင်ငံခြားငွေစျေး မြင့်တက်နေကြောင်း၊ ဥပမာအားဖြင့် ပြည်ပသို့ အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာမှုများနှင့် နိုင်ငံခြားငွေသုံးစွဲမှုများ များပြားလျက်ရှိကြောင်း မေလ ၂၀ ရက်နေ့ စစ်ကောင်စီအစည်း အဝေးတွင် ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
လတ်တလော စစ်ကောင်စီက ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်မှုများအနက်မှ စစ်မှုထမ်းရန် အကျုံးဝင်သော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများ ပြည်ပသို့ သွားရောက်အလုပ်လုပ်ခွင့် ပိတ်ပင်ထားပြီး လေဆိပ်များတွင် ပြည်ပသို့ ထွက်ခွာမှုများကို လ၀က၊ ရဲ၊ စစ်ထောက်လှမ်း အပါအဝင် ဌာနပေါင်းစုံပါဝင်သော စိစစ်ရေးအဖွဲ့များဖြင့် စိစစ်လျက်ရှိကြောင်း၊ နေ့စဉ် လေယာဉ်ပေါ် တက်ခွင့်မပေးဘဲ လေဆိပ်မှပင် လှည့်ပြန် ခိုင်းမှုများစွာ ရှိနေကြောင်း၊ ပြည်ပသို့ သွားခွင့်ရရှိရေးအတွက် အနည်းဆုံး သိန်း ၆၀ စိစစ်ရေးအဖွဲ့ထံသို့ လာဘ်ထိုး၍ သွားလာခွင့်ရရှိရေး လုပ်ဆောင်နေရကြောင်း သိရှိရသည်။
“ပြည်ပ အလုပ်အကိုင်တွေအားလုံးကတော့ အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြု ချက်ရှိမှ သွားခွင့်ပေးတယ်။ အလုပ်ခေါ်စာ၊ OWICကတ်၊ လေယာဉ်လက်မှတ်၊ ဗီဇာအပြည့်အစုံပါရင်တောင် အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မရှိရင် လေဆိပ်က ထွက်လို့မရဘူး။ အလုပ်သမားတွေက အဲဒီစနစ်နဲ့ စိစစ်နေတာ ၂ လနီးပါးလောက်ဖြစ်နေပြီ။ အခုပုံစံကြည့်ရတာ အလည်အပတ်၊ ဆေးကု၊ ပညာ ရေး၊ စီးပွားရေး ဘုရားဖူး စတဲ့ ပြည်ပထွက်ခွာတွေ အကုန် သူတို့ ခွင့်ပြု ချက်မပေးရင် သွားခွင့်မရမယ့်သဘောမျိုး လုပ်လာမယ်ထင်တာပဲ” ဟု ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြု သည်။
အကြမ်းဖက်စစ်ကောင်စီက နိုင်ငံခြားငွေကြီးကြပ်မှု ကော်မတီတစ်ရပ်ကို ဖွဲ့ စည်းခဲ့ပြီး ယင်းကော်မတီကို မြထွန်းဦးက ဦးဆောင်ကာ နိုင်ငံခြားငွေ သုံးစွဲမှုမှန်သမျှကို ထိန်းချုပ် ချုပ်ကိုင်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
