26 C
Yangon

စစ်ကိုင်း ကင်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေ၍ ရွာလုံးကျွတ် ထွက်ပြေးနေရ၊ မြိုင်နှင့် ပခုက္ကူ အစပ်ကိုလည်း စစ်တပ်က စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ မေ ၂၈

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ကင်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေ၍ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။

မေလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်၍ စစ်ကိုင်းမြို့နယ်၊ ကင်းရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူများ နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်‌ကောင်စီ တပ်သားများ ဝင်ရောက် စီးနင်းမှုကြောင့် ကျေးရွာအတွင်းရှိ ထောင်နှင့်ချီသော ပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ကင်းရွာကို စစ်ခွေးတွေက စစ်ကြောင်းထိုးဝင်ရောက်ပြီး ရွာထဲက နေအိမ်တွေကို မီးရှို့နေတာ နေအိမ်ဘယ်လောက်မီးထဲပါသွားလဲဆိုတာတော့ မသိရဘူး။ အခုခွေးစစ်ကြောင်းက ပြန်လည် ဆုတ်ခွာသွားပြီ နေအိမ် ဘယ်လောက်မီးထဲပါသွားလဲ ဆိုတာတော့မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနောက် ပြန်လည် ဆုတ်ခွာသွားသော်လည်း ပြည်သူများသည် ကျေးရွာအတွင်း ပြန်လည် ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပခုက္ကူမြို့နယ် အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း We Love Myaing အဖွဲ့နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၇ ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ရွာ ပျူစောထီး စခန်းကို ဝင်ရောက်ခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ယနေ့ မေလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ညောင်ဂျစ်ပင်ရွာမှ ထွက်ခွာလာပြီး မွန်းလွဲ ၂ နာရီခန့်က စတင်ပြီး ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ်အစပ်ရှိ မန်ကျည်းတန်းရွာကို စစ်‌ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ မန်ကျည်းတန်းရွာ အနီးတဝိုက်တွင် ရှိနေသေးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article