ရန်ကုန်၊ ဇွန် ၁၃
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသရှိ လက်ပံတောကျေးရွာနှင့် ကုန်းမော်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ်၊ ပျူစောထီး ပူးပေါင်းအဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား ယနေ့ ဇွန်လ ၁၃ ရက် နံနက်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားများက ကျေးရွာများကို မီးတင်ရှို့ ဖျက်ဆီးခဲ့ခြင်းကြောင့် အိမ်ခြေ ၁၂၀ နီးပါး မီးလောင်ပြာကျခဲ့ပြီး ရွာအတွင်းရှိ တန်ဖိုးရှိ ပစ္စည်းများကို စစ်တပ်နှင့်အတူ လိုက်ပါလာသော ကျော်ရွာမှ ပျူစောထီးများက ခိုးယူသယ်ဆောင်သွားကြောင်း သတင်းရရှိသည်။
“ကုန်းမော် ရွာမြောက်ဘက် သင်္ချိုင်းနားက ကောက်ရိုးစင်တွေကနေ စရှို့တာ၊ တအိမ်ချင်းစီ ဝင်ပြီး တောက်လျှောက် ရှို့တာ၊ ကုန်းမော်က အိမ်ခြေ ၈၀ လောက် လောင်တယ်၊ ၁၇ အိမ်လောက်ပဲ ကျန်တယ်၊ ၂ ရွာပေါင်းဆိုရင် အိမ်ခြေ ၁၂၀ လောက် လောင်သွားတယ်။ ဈေးဆိုင်တွေကိုတော့ မီးမရှို့ဘူး၊ မီးမရှို့ဘဲနဲ့ ကျော်ရွာက ပျူစောထီးတွေက ဈေးဆိုင်ထဲက ပစ္စည်းတွေအကုန် သယ်သွားတာ၊ ဈေးဆိုင်ကာအိမ်မွေးဝက်တွေကိုလည်း ပစ်သတ်ပြီး ယူသွားတာ၊ တချို့ဝက်တွေဆို မီးလောင်ပြီး အရည်ခွံတွေ ကွာနေတာ။ ဓါတ်ပုံ၊ ဗီဒီယိုတွေ ရိုက်ထားတယ် အင်တာနက်မရလို့ ဘာမှ လုပ်လို့မရတာ။ ” ဟု တောင်တွင်း TD-PDF တပ်ဖွဲ့ဝင် ၁ ဦးက ပြောဆိုသည်။
ယနေ့နံနက်တွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်၊ ပျူစောထီး ပူးပေါင်းအဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော ရွှေတြိဂံတပ်ရင်း၊ TD-PDF တပ်ဖွဲ့များ၏ ကင်းများ ထိပ်တိုက်တွေ့ဆုံစဉ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း၊ လက်နက်အင်အား မမျှ၍ ကာကွယ်ရေးတပ်ဖွဲ့များ ဆုတ်ခွာပေးခဲ့ရကြောင်း သိရှိရပြီး စစ်ကောင်စီတပ်ဖွဲ့က ကုန်းမော်နှင့် လက်ပံတော ရွာများကို ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်သည်။
“စစ်သားက ၂၇ ယောက်လောက်ရှိမယ်၊ ပျူစောထီးတွေလည်း ပါသေးတယ်၊ အဲဒါ ရွှေတြိဂံတပ်ရင်းရဲ့ ကင်းနဲ့လည်းပစ်တယ်၊ ကျနော်တို့ TD-PDF ကင်းနဲ့လည်း ပစ်တယ်။ သူတို့က လက်နက်ကြီးတွေနဲ့ပါပစ်တာ၊ လက်နက်မမျှတော့ ကျနော်တို့ ဆုတ်ပေးလိုက်ရတာ” ဟု TD-PDF တပ်ဖွဲ့ဝင်က ဆက်ပြောသည်။
မင်းကင်းနယ်၊ တောင်တွင်းဒေသတွင် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများက အခုရက်ပိုင်းတွင် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများ တောက်လျှောက် ပြုလုပ်နေပြီး အင်တာနက်လိုင်းများလည်း ဖြတ်တောက်ခံထားရကြောင်း သိရှိရသည်။
ဓါတ်ပုံ – အကြမ်းဖက်စစ်တပ်က တောင်တွင်းဒေသရှိ ကျေးရွာ ၁ ရွာကို မီးတင်ရှို့နေစဉ် (ပုံအဟောင်းဖြစ်ပါသည်)