ရန်ကုန်၊ ဇွန် ၁၃
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၇၃ တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် PDF ပူးပေါင်းအဖွဲ့က ယမန်နေ့ ဇွန်လ ၁၂ ရက် ည ၉ နာရီဝန်းကျင်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။
“KNLA၊ တောင်ငူ PDF၊ ထန်းတပင် PDF ပူးပေါင်းပြီး ခလရ ၇၃ ထဲကို ၄၀ မမ ၂ လုံးသွား ပစ်ထည့်တာပါ၊ အပြန်လှန်ပစ်ခတ်တာက နာရီဝက်လောက် ကြာတယ်” ဟု PDF သတင်းရင်းမြစ်ထံမှ သိရှိရသည်။
“၆ ဦး သေတယ်တော့ပြောပေမယ့် ၃ ယောက်တော့ အတည်ပြုလို့ရတယ်၊ တောင်ငူ စစ်ဆေးရုံမှာ ဒီမနက် အစောပိုင်း လူနာတင်ကား ၁ စီး ဝင်လာတယ်၊ ဇရပ်ကြီးကနေ လာတာ” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
နာရီဝက်ခန့် အပြန်အလှန်ပစ်ခတ်ပြီးနောက် စစ်ကောင်စီဘက်က ၂ နာရီခန့် တဖက်သတ် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း သတင်းရရှိသည်။
ဓါတ်ပုံ – အကြမ်းဖက်စစ်တပ် တပ်ရင်း ၁ ခု၏ ဝင်ပေါက် (ပုံအဟောင်းဖြစ်ပါသည်)