ရန်ကုန်၊ ဇွန် ၁၃
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဋ ရပ်ကွက်၊ အပိုင်း ၇ ရှိ ပြည်သူပိုင် နေအိမ်များကို အကြမ်းဖက် စစ်တပ်နှင့် ရဲများက ဂရန်မရှိသော အိမ်မှန်သမျှ ကျူးကျော်များဟု အမည် တပ်ကာ ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းမှ စတင်ဖြိုချဖျက်ဆီးခဲ့ပြီး ယနေ့ လပြည့်နေ့တွင် အိမ်ခြေ ၂၀၀ ကျော် ထပ်မံဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၁၀ ရက်နေ့မှ စတင်ကာ အကြမ်းဖက် စစ်တပ်နှင့် ရဲများက မြေကော်စက် ၄ စီး၊ အင်အား ၁ဝဝ ခန့်ဖြင့် ပြည်သူပိုင်အိမ်များကို ဖျက်ဆီးနေခြင်း ဖြစ်ကာ ယနေ့အထိ ဖျက်ဆီးခံရသည့် အိမ်ခြေ ၅၀၀ နီးပါးကို ဒေသခံများက ပြောဆိုသည်။
“ဒီနေ့ ၁၂၉၊ ၁၃၀ ၊ ၁၃၁ ဘက်တွေမှာ အကုန်ဖျက်ဆီးတာ။ အိမ်ကြီးအိမ်ကောင်း တိုက်တွေလည်းပါတယ်။ အိမ်ကြီးအိမ်ကောင်းတွေ” ဟုဒေသခံတစ်ဦးက ပြောသည်။