ရန်ကုန်၊ ဇွန် ၁၃
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် တမာကုန်းရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ဇွန်လ ၁၃ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်တွင် ဝင်ရောက် စီးနင်း မီးရှို့နေပြီး ကျေးရွာနေပြည်သူ အမျိုးသမီး ၅ ဦးကို ရွာထဲ၌ ဖမ်းဆီးထားကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် ယနေ့ မွန်းလွဲ ၂ နာရီ ၃ဝ မိနစ်တွင် ပင်းဇင်းရွာဘက်မှ တမာကုန်းရွာကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီးနောက် မွန်းလွဲ ၃ နာရီခန့်တွင် တမာကုန်းရွာ ဘုန်းကြီးကျောင်းတွင် ဝင်ရောက် တပ်စွဲပြီးနောက် ညနေ ၄ နာရီကျော်ခန့်တွင် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်းသိရသည်။
” ဝက်လက်မြို့နယ် တမာကုန်းရွာကို စစ်ခွေးတွေ မီးရှို့နေပြီ မွန်းလွဲ ၂ နာရီ ခွဲလောက်က ပင်းဇင်းဘက်ကနေ စစ်ခွေးတွေက လက်နက်ကြီးတွေ လက်နက်ငယ်တွေနဲ့ ရွာထဲကို ပစ်ထည့်တယ်။ ညနေ ၃ နာရီလောက်မှာ ရွာဘုန်းကြီးကျောင်းထဲမှာ ဝင်ရောက် တပ်စွဲတယ်။ ညနေ ၄ နာရီလောက်မှာ တမာကုန်းကျေးရွာထဲဝင်ပြီးတော့ ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်။ အမျိုးသမီး ၅ ဦးလည်း ရွာထဲမှာ ဖမ်းဆီးခံထားရတယ်လို့ သိရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။
လက်ရှိချိန်တွင် ကျေးရွာအတွင်းရှိ ပြည်သူအများစုသည် ဘေးလွတ်ရာကို ထွက်ပြေးနေရပြီး ရွာထဲ၌ ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ မီးငြိမ်းသတ်မည့်သူ မရှိလျှင် မီးလောင် ပျက်စီးမှု များပြားနိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။