ရန်ကုန်၊ ဇွန် ၄
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် စစ်ကောင်စီ၏ သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃၀ ကျော် သေဆုံးပြီး ၅၀ ကျော် လက်နက်ချ အလံဖြူထောင်ကာ ၁၂၀ မမ လက်နက်ကြီးများ အပါအဝင် လက်နက်ခဲယမ်းများ တောင်ပုံယာပုံရရှိထားကြောင်း KNLA သတင်းရင်းမြစ်က ပြောဆိုသည်။
ယမန်နေ့ ဇွန်လ ၃ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်၏ သေ့ဘောဘိုးစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးကျဲခုခံခဲ့စဉ် မိမိတပ်ဖွဲ့အပေါ် ဗုံးမှားကျဲချမိ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးသေဆုံးသွားခဲ့ကြောင်း ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော် လက်နက် ချ အလင်းဝင်ကြောင်း သိရှိရသည်။
“ကိုယ့်ဘက်က ၄ ဦး Y 12 လေယာဉ်နဲ့ လာကျဲတုန်းက ဒဏ်ရာရတာရှိတယ်။ ဒဏ်ရာပြင်းထန်တယ်။ သူတို့ဘက်က သူတို့လေယာဉ်နဲ့ သူတို့ ပြန်ကျဲတာ ၃၀ ကျော်သေတယ်။ ၅၀ ကျော် လက်နက်ချတယ်။ လက်နက်ချသူတွေနဲ့ပတ်သက်လို့ ကိုယ်ထိန်းထားတာလည်းရှိတယ်။ ဟိုဘက်ကို ပြေးသွားတာလည်းရှိတယ်။ လူကြီးတွေ ဘယ်လို သတင်းထုတ်မလဲတော့မသိသေးဘူး။ သတင်းတော့ ထုတ်ပြန်လိမ့်မယ်” ဟု KNU သတင်းရင်းမြစ်က ပြောဆိုသည်။
သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် KNLA မှ ဗိုလ်ဒါဘောဦးဆောင်သော ၃၂ ဗျူဟာလက်အောက်ခံစစ်ကြောင်းများဖြစ်သည့် ကော်ဘရာစစ်ကြောင်း၊ ဗီနွမ်စစ်ကြောင်း၊ Federal Wings ဒရုန်းတပ်ဖွဲ့၊ ကျားသစ်နက်စစ်ကြောင်း၊ Justice Soldiers PDF တပ်ဖွဲ့၊ Black Eagle ဒရုန်းတပ်ဖွဲ့ အပါအဝင် ပူးပေါင်းမဟာမိတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်၏ သေ့ဘောဘိုးတပ်စခန်းကို တော်လှန်ရေးတပ်များက ရရှိသွားပြီဖြစ်၍ ထိုင်း-မြန်မာနယ်စပ်တွင် စစ်ကောင်စီ တပ်စခန်း ၄ ခု သာကျန်ရှိတော့ပြီး အဆိုပါစခန်းများမှာ ဥကရစ်ထ၊ ဝေါ်လေဗျူ ဟာကုန်း၊ တီသဲလယ်စခန်း၊ ထီးကပလယ်စခန်းတို့ဖြစ်ကြောင်း သိရှိရသည်။
KNU က မတ်လ၊ ဧပြီလနှင့် မေလအတွင်းတွင် ထိုင်း-မြန်မာနယ်စပ်အနီးမှ စစ်ကောင်စီ၏ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊တာလယ်စခန်းများ၊ မယ်လ၊ ဘလက်ဒို၊ မော်ခီး၊ ဘုရင့်နောင်စခန်းကုန်း၊ ကနဲလေးစခန်းနှင့် ရွှေအေးမြိုင်တပ်စခန်းတို့ကို ဆက်တိုက်တိုက်ခိုက်သိမ်းယူနိုင်ပြီး ယမန်နေ့ ဇွန်လ ၃ ရက်နေ့တွင် သေ့ဘောဘိုးစခန်းကို ရရှိခဲ့ခြင်းဖြစ်သည်။
၂၀၂၂ ခုနှစ် မေလအတွင်းကလည်း သေ့ဘောဘိုး စခန်းကို ကော်ဘရာစစ် ကြောင်းနှင့် ဗိုလ်အယ်ဆေးဝါး ဦး ဆောင် သော တော်လှန်ရေးတပ်များက ပထမအကြိမ် တိုက်ခိုက်သိမ်းပိုက်ခဲ့ဖူးသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




