ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၈ ဦးသေဆုံးခဲ့ကြောင်း A. D .G Brothers တပ်ဖွဲ့မှ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၂၉ ရက်နေ့တွင် ညနေပိုင်းမှ စတင်၍ အုတ်တွင်းမြို့နယ်အတွင်း အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း စစ်ကြောင်းသည် ရပ်တန့်သွားခြင်းမရှိဘဲ မေလ ၃၀ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် ဆက်လက် စစ်ကြောင်းထိုးလာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ပြီး ထိတွေ့ တိုက်ပွဲသည် ၁ နာရီခန့် ကြာမြင့်ခဲ့ကာ အကြမ်းဖက် စစ်တပ်ဘက်မှ မျက်မြင် ၇ ဦး သေဆုံးပြီး စစ်ကောင်စီ တပ်သားများ ပစ်ခတ်သော လက်နက်ကြီးကျည်များကြောင့် တော်လှန်ရေး တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဆက်လက်စစ်ကြောင်းထိုးလာ၍ ယင်းနေ့ ညနေ ၄ နာရီခန့်တွင် တော်လှန်ရေးတပ်ဖွဲ့များက အသင့်စောင့်ဆိုင်းပြီး စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း၊ ထို့ပြင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး တော်လှန်ရေးရဲဘော် ၃ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ၂ ရက်တာ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ် ဘက်မှ ၁၈ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူ ၂၀ ဦး ကျော်ရှိကြောင်း၊ ထို စစ်ကောင်စီ စစ်ကြောင်းသည် လက်ရှိချိန်ထိ ပြန်လည် ထွက်ခွာသွား ခြင်းမရှိသေးဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အချိန်မရွေး ထိတွေ့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနိုင်ကြောင်း သိရသည်။
