26 C
Yangon

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင်နှင့်တွေ့ဆုံခြင်း အပိုင်း ၁

Must read

“၃ ပွင့်ဆိုင် ယန္တရားကနေပြီးတော့ ILO Article 33 နဲ့ ပတ်သက်တဲ့ Monitoring Task ပေါ့။ ဆုံးဖြတ်ချက်ကို စစ်အုပ်စုက ဘယ်လောက်အထိ လိုက်နာတယ်၊ မလိုက်နာဘူးဆိုတဲ့ဟာကို လေ့လာစောင့်ကြည့်မယ်။ မင်းအောင်လှိုင်ကတော့ ဗိုလ်ခင်ညွန့်တို့ထက် အများကြီး ကြမ်းတယ် ရမ်းတယ်ဆိုတာ အားလုံးလက်ခံပါတယ်”

By ရန်ကုန်ခေတ်သစ်

ဇွန်လ ၅ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ပြုလုပ်ခဲ့သော ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ် သမားညီ လာခံ (ILC) တွင် လူငယ်များနှင့် အလုပ်သမားများကို စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မ စစ်ထဲသွပ်သွင်းပြီး အလုပ် သမားအခွင့်အရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်နေသော မြန်မာစစ်ကောင်စီကို ILO Article 33 အရ ပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့အရေးယူရန် ဆုံးဖြတ်ခဲ့သည်။

ယင်းသို့ ဆုံးဖြတ်မှုကြောင့် ဖြစ်ပေါ်လာနိုင်သော အခြေအနေများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ် သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ ဇွန်လ ၅ ရက်နေ့က ILO ညီလာခံမှာ မြန်မာနိုင်ငံကို Article 33 အရ အရေးယူဖို့ ဆုံးဖြတ်လိုက်ဆိုတော့ ILO Article 33 ဆိုတာက ဘာကိုဆိုလိုတာပါလဲ

ဖြေ။ ။ Article 33 ဆိုတာ ရှင်းပါတယ်။ ILO ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ်ရဲ့ အခြေခံဥပဒေ အပိုဒ် ၃၃ ကိုပြောတာပါ။ အဲဒီဟာက တိုတိုလေးပါပဲ။ ဘာလဲဆိုတော့ အစုအဖွဲ့တစ်ခုသည် ILO က တားမြစ်ထားတာကို ဆက်တိုက်ကျူးလွန်နေတယ်ဆိုလို့ရှိရင် သူနဲ့ ပတ်သက်တာတွေကို ပြန်လည် သုံးသပ်ဖို့ ဆိုတဲ့ဟာကို ပြောတာပါ။

ဘာမှ Sanction ဆိုတဲ့ စကားလုံး တစ်လုံးမှ မပါဘူး။ အများပြောနေတဲ့ ILO Sanction ဆိုတာ မဟုတ်ပါဘူး။ ဆက်လက်ပြီးတော့ အဖွဲ့ဝင်တော့ ဖြစ်တယ်ဗျ။ အဖွဲ့ဝင်ဖြစ်လျက်သားနဲ့ အခြေခံဥပဒေအရ ပြောတာတွေကို မလိုက်နာဘူး။ မလိုက်နာလို့ ပြုပြင်ပြောင်းလဲပါလို့ ပြောတယ် ၊ အဲဒါကို တစ်နှစ်လည်း မဟုတ်ဘူး၊ ၂ နှစ်လည်း မဟုတ်ဘူး၊ ၃ နှစ်လည်း မဟုတ်ဘူးဆိုလို့ရှိရင်တော့ များသွားပြီ။ များတဲ့အတွက်ကြောင့် ပြုပြင်ပြောင်းလဲမှုကို လုပ်တဲ့အခါမှာ သူကိုယ်တိုင် မလုပ်ဘူးဆိုလို့ရှိရင်တော့ ဒီပြင်ပမှာ ရှိတဲ့ သူနဲ့ ပတ်သက်နေတဲ့ လူတွေက ဝိုင်းပြင်ပေးပါဆိုတဲ့ သဘောထားမျိုးကို ရေးထားတာ ဖြစ်ပါတယ်။ အဲဒီဟာကလည်း ဒါက ဒုတိယအကြိမ်ပါ။ ရှက်ဖို့တော့ ကောင်းတာပေါ့နော် နိုင်ငံအနေနဲ့ ။

အထူးသဖြင့် နိုင်ငံမဟုတ်ပါဘူး စစ်တပ်ပါ။ စစ်တပ်ကို ပြောချင်တာ ။ သက္ကရာဇ် ၂၀၀၀ တုန်းကလည်း ဒီလို အနေအထားမျိုး ရောက်ခဲ့ဖူးပါတယ်။ ကျွန်တော် ပါခဲ့ပါတယ်။ အဲဒီတုန်းကတော့ အဓမ္မ လုပ်အားပေး ၊ ကလေးစစ်သားတွေကို တအားခေါ်တဲ့အချိန်မှာ ဒီအဓမ္မလုပ်အားပေးကို တစ်နိုင်ငံလုံးမှာ တအားခေါ်တဲ့အချိန်မှာ ပေါ်တာဆွဲတယ် ဆိုပြီး စပါးရောင်းတဲ့ လယ်သမားတောင် သူ့လည်းကို ထားခဲ့ပြီး ပေါ်တာ ခေါ်သွားတာ ၃ လကြာမှ စပါးအညှောင့်ပေါက်နေပြီ အဲဒီဟာမျိုးတွေ ဖြစ်တဲ့ အနေအထားကြောင့် သက္ကရာဇ် ၂၀၀၀ မှာလည်း Article 33 ILO ရဲ့ အခြေခံဥပဒေနဲ့ စစ်အုပ်စုကို ဖိအားပေးခဲ့ပါတယ်။

ဒါပေမဲ့လည်း ကျွန်တော်တို့ မှားသွားတယ်ဗျ၊ အဲဒီအချိန်တုန်းက ကျွန်တော်တို့က ယုံကြည်မှု အပြည့်အဝနဲ့ပါ။ ကျွန်တော်တို့က Trust အပြည့်အဝနဲ့ ဦးသိန်းစိန်တို့ ပြန်ခေါ်တော့ ပြန်သွားတယ်။ သက္ကရာဇ် ၂၀၁၂ ခုနှစ်မှာ ILO ကို ဒါကိုတော့ ပြန်ပြီးတော့ ဖယ်ရှားပေးပါ ကျွန်တော်တို့ပဲ ပြောတာပါ။ ကျွန်တော်တို့ ပြောပေမယ့် စစ်တပ်က မလိုက်နာဘူးဗျာ။ ဒါကြောင့်မို့လို့ အခု စစ်တပ်ကို ပြောတာလို့ ကျွန်တော်က ပြောချင်ပါတယ်။ ပြည်သူကို နားလည် အောင် ပြောပြတာပါ။

အဲဒါကြောင့် ကျွန်တော်တို့နိုင်ငံအနေနဲ့လည်း ပိုပြီးတော့ အခက်အခဲဖြစ်သွားတယ်။ အခုထက်ထိလည်း စစ်တပ်က အဲဒီတုန်းက‌ ပေးထားတဲ့ ပြုပြင်ပြောင်းလဲမှုဆိုတာကြီးကို မလုပ်ပါဘူး။ အခုလည်း ဆက်လက်ပြီး ချိုးဖောက်နေတဲ့အတွက်ကြောင့် အခုတစ်ခေါက်လည်း ဒီ ၄ နှစ်ကြာတဲ့အခါမှာ ဒီ Article 33 အခြေခံဥပဒေ ၃၃ အရ ILO မှာ ဆုံးဖြတ်ချက်ချပြီးတော့ ကျွန်တော်တို့က ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ဆိုတာကို ကျွန်တော်တို့ တောင်းဆိုတာ ဖြစ်ပါတယ်လို့။

မေး။ ။ သန်းရွှေလက်ထက် ၂၀၀၀ ခုနှစ်တုန်းက ILO ကနေ Article 33 နဲ့ ဘယ်လိုတွေအရေးယူခဲ့ပါသလဲ။

ဖြေ။ ။ အဲဒီတုန်းက အခြေအနေကတော့ ဘာဖြစ်သွားလဲဆိုတော့ ကုမ္ပဏီအကြီးကြီးတွေ နောက်ပြန်ဆုတ်ကုန်တယ်။ ဥပမာ ဟန်နီကန်ဘီယာ တို့ ဘာတို့ပေါ့နော်။ အထူးသဖြင့် ဥရောပက ကုမ္ပဏီတွေကတော့ သူတို့ဆီမှာ သူတို့ လိုက်နာရမယ့် ကျင့်ထုံးဆိုတာရှိတယ်၊ နောက် သူတို့ရဲ့ Ethic ပေါ့။

သူတို့ လိုက်နာရမယ့် ကိစ္စလည်း ရှိတော့ အဲဒါတွေကို ကျွန်တော်တို့က တင်ပြပါတယ်။ ကျွန်တော်တို့က ဒီတိုင်း သွားတင်ပြတော့ ကျွန်တော်တို့က ဘာမှတော့ မဟုတ်ဘူးပေါ့နော်။ သို့သော် သူတို့ရဲ့ Shareholders တွေ ၊ သူတို့ရဲ့ အစုရှယ်ယာဝင်တွေ၊ သူတို့ရဲ့ ကုမ္ပဏီတွေမှာ သွင်းထားတဲ့ ပါဝင်နေတဲ့ အစုရှယ်ယာဝင်တွေကို ကျွန်တော်တို့က‌ ဆွေးနွေးပါတယ်။

ပြီးတော့ Shareholder resolution ပေါ့ ။ သူတို့ရဲ့ တစ်နှစ်တစ်ခါလုပ်တဲ့ သူတို့ရဲ့ အဖွဲ့ဝင်တွေကို ပြန်ပြီးတော့ သုံးသပ်တဲ့ ပွဲမှာ ကျွန်တော်တို့ကသော် လည်းကောင်း ကျွန်တော့်ရဲ့ ကိုယ်စားသော် လည်းကောင်း ဆွေးနွေးကြတာပေါ့နော်။ စစ်အုပ်စုရဲ့ ကျူးလွန်မှုတွေ ၊ အဓမ္မလုပ်အားပေး ၊ ကလေးစစ်သားရှိတာတွေ ပြောတယ်။ ILO က တော့ ဒီလို စာထုတ်ထားပါတယ်။ ဒါကြောင့်မို့လို့ ခင်ဗျားတို့က ဆက်ပြီး လုပ်နေမယ်ဆိုရင် ခင်ဗျားတို့သည် စစ်အုပ်စုရဲ့ အကြံတူတွေ ဖြစ်ပါလိမ့်မယ်။ အဲဒီအခါမှာ ခင်ဗျားတို့ ရောင်းရတဲ့ Brand ။

ဥပမာ-Pepsi ဆိုလို့ရှိရင် Pepsi ရဲ့ Brand က အမေရိကမှာ ရောင်းတယ်ဆိုလို့ရှိရင် Pepsi သည် စစ်အုပ်စုကို လုပ်ပြီး ရောင်းနေတာ ဖြစ်သည်ဆိုလို့ရှိရင် ခင်ဗျားတို့ကို အဝယ်ရပ်သွားရင်တော့ ခက်မယ်နော်လို့ ကျွန်တော်တို့က ဆွေးနွေးပါတယ်။ အဲဒီအချိန်မှာ ပြောမယ်ဆိုလို့ရှိရင် အမေရိကန်နိုင်ငံမှာ ရှိတဲ့ ပြည်နယ်တစ်ခုမှာ ရောင်းရတဲ့ ဝင်ငွေသည် မြန်မာပြည်မှာ ရောင်းရတဲ့ ဝင်ငွေထက် အများကြီး များပါတယ်။ ဒါကြောင့်မို့လို့ သူတို့က နောက်ပြန်ဆုတ်သွားတယ်။ ကုမ္ပဏီတွေ နောက်ပြန်ဆုတ်တာလည်း ကျွန်တော်တို့ကို ချစ်လို့တော့ မဟုတ်ဘူး။ သူတို့ရဲ့ ဝင်ငွေ ပေါ်မှာ ထိခိုက်မှာစိုးလို့ သူတို့ နောက်ပြန်ဆုတ်သွားတာ။ အဲဒီတော့ ဒါဟာ Sanction မဟုတ်ပါဘူး။

ကျွန်တော်တို့က ဆွေးနွေးပေးတာပါ။ အချက်အလက်တွေကို တင်ပြပေးတယ်။ Facts တွေကို ပြောပြတယ်။ အဲဒါတွေ အားလုံးကို ကျွန်တော်တို့ လုပ်ရပါတယ်။ လုပ်တဲ့ နောက်မှာ သက်ရောက်မှု ရှိခဲ့ပါတယ်။ သက်ရောက်မှုရှိတဲ့အတွက်ကြောင့် နိုင်ငံရေးဆွေနွေးပွဲတွေ နောက်ပိုင်းမှာ ဖြစ်လာတာပါ။ ကျွန်တော်တို့ကိုလည်း ပြန်ဖိတ်ခေါ်တာတွေ ရှိပါတယ်လို့။

မေး။ ။ အခုလက်ရှိ ILO က မနေ့က အရေးယူဖို့ ဆုံးဖြတ်တယ်။ အဲဒီဟာရဲ့ နောက်ဆက်တွဲက ဘယ်လိုတွေ အရေးယူမှာလဲ။ ဘယ်လို သက်ရောက်မှုတွေ ရှိမလဲ။

ဖြေ။ ။ ကျွန်တော်တို့ အခုမြင်တဲ့ အနေအထားမှာ အားလုံးပြောနိုင်တာက မင်းအောင်လှိုင်ကတော့ ဗိုလ်ခင်ညွန့်တို့ထက် အများကြီး ကြမ်းတယ် ရမ်းတယ်ဆိုတာ အားလုံးလက်ခံပါတယ်။ အဲဒီတုန်းက ရွာတွေကို ဗုံးကျဲတာ သိပ်မရှိဘူး။ အခုကတော့ ရွာတစ်ရွာကို တစ်ရက်ထဲမှာ ၃ ခါကျဲရင်လည်း ကျဲတယ်။ ဘုရားရှိခိုးပွဲရှိရင်လည်း ကျဲတာပဲ။ ကျွန်တော်တို့ ခရစ်ယာန်ကျောင်းပဲ ဖြစ်ဖြစ် ဘုန်းကြီးကျောင်းပဲဖြစ်ဖြစ် အကုန်လုံးကို ယူနီဖောင်း အစိမ်းမဟုတ်ဘူးဆိုရင် ချတာပဲ။

နောက်တစ်ခါ မင်းအောင်လှိုင်က သူ့အမျိုးမဟုတ်ရင်လည်း ချတာပဲ ဆိုတော့ အခုလက်ရှိ စစ်အုပ်စုသည် ပိုဆိုးတယ်။ ဒါကိုတော့ မြန်မာနိုင်ငံထဲမှာလည်း လက်ခံထားတယ်၊ ကမ္ဘာကလည်း လက်ခံထားတယ်။ အဲဒါ ကျွန်တော်တို့ ချဉ်းကပ်တာ ဘာကွာလဲဆိုတော့ ဒီတစ်ခေါက်မှာတော့ ။ ပြီးခဲ့တဲ့ အခေါက်တုန်းက ကျွန်တော်တို့ ကြိုးစားခဲ့တုန်းက အလုပ်သမားသမဂ္ဂ တစ်ခုတည်း ရှိခဲ့ပါတယ်။ အဲဒီဟာနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်နဲ့ ကြိုးစားပါတယ်။

ဒီတစ်ခေါက်မှာတော့ ကျွန်တော်တို့က NUG ရဲ့ အလုပ်သမားဝန်ကြီးဌာနပါပါတယ်။ နောက်တစ်ခါ အလုပ်ရှင်တွေ ပါပါတယ်။ နောက် ကျွန်တော်တို့ အလုပ်သမား အစုအဖွဲ့ ပါပါတယ်။ ကျွန်တော်တို့ကတော့ သုံးပွင့်ဆိုင်အနေအထားနဲ့ ကြိုးစားတယ်ဆိုတော့ ပြီးခဲ့တဲ့ ဟာနဲ့ မတူတာက ၂ ချက်ပေါ့။ စစ်အုပ်စုက ပိုကြမ်းတယ်ဆိုတာရယ်၊ ကျွန်တော်တို့ ချဉ်းကပ်ပုံ ချဉ်းကပ်နည်းက သုံးပွင့်ဆိုင် ယန္တရားအနေနဲ့ ချဉ်းကပ်နေတယ်ဆိုတာကို ကျွန်တော်တို့ တင်ပြချင်ပါတယ်။ ဒါတစ်ခုပါ။

နောက်တစ်ခုကတော့ ဘာလဲဆိုတော့ စစ်အုပ်စုက ငလျင် လှုပ်ပြီးတာတောင်မှ ဗုံးကျဲနေသေးတယ်ဗျ။ ငလျင် လှုပ် တဲ့အခါမှာလည်းကူမယ့် လူကို ပေးမကူဘူး။ သူကနေပဲ တစ်ဆင့် သွားရမယ်လို့ ပြောတယ်။ နောက်ထပ်တစ်ခါ အခုထက်ထိ တိုက်ပွဲတွေလည်း ဖြစ်နေသေးတယ်။ အခုထက်ထိလည်း အဓမ္မ ပေါ်တာတွေဆွဲနေသေးတဲ့ ကိစ္စလည်း ရှိတော့ ဒါတွေ အားလုံးကလည်း အရင်သက်တမ်းနဲ့ စာရင် အများကြီး ကြမ်းတယ်ဗျ။

ကြမ်းတဲ့ အတူတူ ဒီဟာကိုလည်း ကျွန်တော်တို့က တင်ပြနိုင်တယ်။ တင်ပြထားတယ်။ ဒါကြောင့်မို့လို့လည်း မနေ့က မဲခွဲဆုံးဖြတ်တာ မဖြစ်ဘဲနဲ့ ကျတာပေါ့နော်။ တစ်ပြိုင်နက်တည်းမှာပဲ ဒီနှစ်က ပိုဆိုးတာက ဒီသက်တမ်းမှာ ပိုဆိုးတာက တရုတ်နဲ့ ရုရှား။ တရုတ်နဲ့ ရုရှားက သိသိသာသာကို ဝင်ရောက်ပြီးတော့ စွက်ဖက်နေတဲ့ ကိစ္စရှိတယ်။ ပြီးတော့ ဘီလ်လာရု ကလည်း ပြင်းပြင်းထန်ထန် ပြောလာတယ်ပေါ့နော်။ အရင်သက်တမ်းတုန်းက ဘီလ်လားရု မပါသေးဘူး မရှိသေးဘူး။ အခုကတော့ ဘီလ်လားရုကလည်း ဒါကို ပြင်းပြင်းထန်ထန် သူက ပြောသွားတယ်။ တရုတ်ဆိုရင် ပိုဆိုးတယ်ပေါ့ဗျာ။ ပေးထားတဲ့ အချိန်ထက်ကို ကျော်ပြီးတော့ကို ပြင်းပြင်းထန်ထန် ကန့်ကွက်တယ် ချည်းပဲ လွှတ်ပြောနေတာ။

ပြီးခဲ့တဲ့ သက်တမ်းတုန်းကတော့ သာမန်ပဲ တရုတ်နဲ့ ရုရှား၊ အဲဒီတုန်းကတော့ အိန္ဒိယပါတယ်ဗျ။ အခုတော့ အိန္ဒိယ မကန့်ကွက်တော့ဘူး။ အဲဒီ အနေအထားတွေမှာ ရှိတော့ ဒီတစ်ခါ သက်တမ်းမှာ တိုက်ပွဲကတော့ ပိုကြမ်းတယ်။ ပိုပြင်းထန်တယ်။ သို့သော် ဆုံးဖြတ်ချက်ကျတယ်။ အဲဒီတော့ ကျွန်တော်တို့ ဘာလုပ်မလဲ ၊ ဘယ်လိုလုပ်မလဲဆိုတဲ့ ကိစ္စပေါ့နော်။ ကျွန်တော်တို့ကတော့ ၃ ပွင့်ဆိုင် ယန္တရားကနေပြီးတော့ Article 33 နဲ့ ပတ်သက်တဲ့ Monitoring Task ပေါ့။ ကျွန်တော်တို့ ဆုံးဖြတ်ချက်ရှိတယ်။ ဆုံးဖြတ်ချက်ကို စစ်အုပ်စုက ဘယ်လောက်အထိ လိုက်နာတယ်၊ မလိုက်နာဘူးဆိုတဲ့ဟာကို လေ့လာစောင့်ကြည့်မယ်။ ပြီးတော့ အစီရင်ခံစာထုတ်မယ်။

ပြီးတော့ ILO ကို ထပ်ပြီးတော့ ပို့ပါမယ်။ ဒါက တစ်ခု Main frame လုပ်ရမယ့် အလုပ်။ သို့သော် ကျွန်တော်တို့ ထပ်လုပ်ရမယ့် အလုပ်က သက်ဆိုင်ရာ နိုင်ငံတွေက ထုတ်ထားတဲ့ sanction တွေ ရှိပါတယ်။ ILO Sanction မဟုတ် ဘူးနော်။ ဥပမာ US ပေါ့။ US က ထုတ်ထားတာ ဘဏ်တွေ အပေါ်မှာ ထုတ်ထားတာရှိတယ်။ MFTB ဘဏ်တို့ MICB ဘဏ် တို့ ဒဏ်ခတ်ထားတာတွေ ရှိတယ်။ နောက် လောင်စာနဲ့ ပတ်သက်ရင် ထုတ်ထားတာ ရှိတယ်။ ထို့အတူ US မှာလည်း သူ့ရဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနက OFAC ဆိုတဲ့ ဌာနရှိပါတယ်။ အဲဒီကနေပြီးတော့ မြန်မာပြည် Sanction နဲ့ ပတ်သက်ရင် ချိုးဖောက်ရင် ဘာဖြစ်မလဲ၊ လုပ်ငန်းလုပ်ချင် ဘာလုပ်ရမလဲဆိုတဲ့ဟာက ရှိပြီးသားပါ။

အဲဒါက ဘယ်တုန်းက ထုတ်ထားတာလဲဆိုတော့ ဩဂုတ် ၂၀၂၁ ကပါ။ သမ္မတ ဘိုင်ဒင်က ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ သူ့ရဲ့ Executive order ကို ထုတ်တယ်။ အဲဒီဟာကို ဖြည့်ဆည်းဖို့ကို စာထုတ်တယ်။ အဲဒီလို Enforcement Mechanism ရှိတဲ့ အစိုးရတွေကို ကျွန်တော်တို့က သတင်းပို့ပါတယ်။ မင်းတို့ ပြောနေတာ ရှိတယ်။ အခု ILO ကလည်း စာထွက်ပါပြီ။ ဒါကြောင့်မို့လို့ ဒီ ငွေရေး ကြေးရေးစီးဆင်းမှုကတော့ ဒီမှာ ရှိနေပါတယ်။

ဒါဆိုရင် မင်းတို့ လုပ်ပေးလို့ရမလား ကျွန်တော်တို့က သူတို့ကို သတင်းပို့ပေးရမယ်။ ဒါတစ်ခုပေါ့။ သူတို့အတွက်ကတော့ ဘာဖြစ်သွားလဲဆိုတော့ UN Body ပေါ့။ ILO က UN Body ဖြစ်တော့ UN Body ကနေ ချထားတဲ့ ဟာကို ချိုးဖောက်တယ်ဆိုလို့ရှိရင် သူတို့ဘက်က ပိုအရေးယူလို့ ကောင်းပါတယ်။ ဒါကို ဖြစ်အောင် ကျွန်တော်တို့က လုပ်ရမှာပေါ့။ နောက်တစ်ခု UK ပေါ့။ UK မှာလည်း အဲဒီလို ရှိပါတယ်။ enforcement mechanism ရှိပါတယ်။ သူ့ရဲ့ ရုံးရှိပါတယ်။ OFSI လို့ ခေါ်ပါတယ်။ အဲဒီမှာလည်း enforcement mechanism တွေ ရှိပါတယ်။

မြန်မာနိုင်ငံဆိုရင် ဘာလုပ်ရင် ဘယ်လိုဖြစ်လဲ ၊ Third Party ဆိုရင် ဘာကြောင့် ငြိစွန်းနိုင်တယ်။ UK က ပိုပြီးတော့ ရှိတာက Dual Use နှစ်မျိုးသုံးပေါ့။ ဥပမာ လောင်စာ ဒီဇယ်ပေါ့။ ဒီဇယ်က လူတိုင်းသုံးတယ်လို့ ပြန်ပြီးတော့ ငြင်းတယ်။ ဟုတ်တယ် မှန်တယ်။ ဒါပေမဲ့ ဝင်လာတဲ့ ဒီဇယ်တွေက ပုဂ္ဂလိကကို ရောင်းတာလည်း ရှိတယ် ။ တစ်ပြိုင်နက်တည်းမှာပဲ တပ်မတော် ရေကို သွားတာ ရှိတယ်။ သန်လျက်စွန်းကို သွားတာ ရှိတယ်။ နောက်ထပ်တစ်ခုက ကကကြည်း ကို သွားတာ ရှိတယ်။ အဲဒါတွေက စာရင်းနဲ့ ဇယားနဲ့ ရှိပါတယ်။ ပြောတဲ့ လောင်စာက ၂ မျိုးသုံးဆိုတာက UK က ပေးထားတဲ့ သတ်မှတ်ထားတဲ့ sanction မှာ ပါပါတယ်။ dual use ကို မလုပ်ရဘူးဆိုတာ။

အဲဒါမျိုးတွေကို ကျွန်တော်တို့က တိတိကျကျ လိုက်ပြီးတော့ ပို့ပေးဖို့ လိုတယ်။ အဲဒီအခါမှသာ ဟိုဘက်က အရေး ယူတဲ့ လူတွေက ၊ ILO ကလည်း Article 33 ရှိပါတယ်။ မလုပ်ပါနဲ့လို့ ပြောထားပါတယ်။ ပြန်သုံးသပ်ဖို့ လိုပါတယ်။ ခင်ဗျားတို့မှာက ထပ်ပြီးတော့ အားဖြည့်ပေးမယ့် ယန္တရားရှိတဲ့ လူတွေဖြစ်တဲ့အတွက် လုပ်ပေးပါ။ ဥပဒေကြောင်းအရ ဆိုတာမျိုး ကျွန်တော်တို့ ဆွေးနွေးရမှာ တစ်ခုရှိပါတယ်။ ထိုအထူ EU ကလည်း အဲဒီလို လုပ်ပါတယ်။ ၂၀၂၄ နှစ်ကုန်ခါနီးမှာ EU ကလည်း သူတို့ထုတ်တဲ့ Resolution တွေကို National Legislation ဖြစ်အောင် လုပ်ပေးပါဆိုတဲ့ ၊ အမျိုးသားအဆင့် ဥပဒေဖြစ်အောင် လုပ်ပေးပါဆိုတဲ့ စာရှိပါတယ်။ အဲဒါကို ရှာကြည့်ပါ။

အဲဒါတွေကို သက်ဆိုင်ရာ နိုင်ငံနဲ့ EU members တွေက EU ထုတ်တဲ့ Sanction ကို ဥပဒေကို လိုက်လုပ်ပေးနေရပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ရဲ့ အလုပ်က ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေက စစ်အုပ်စုအပေါ်မှာ Article 33 အရ သက်ရောက်မှုရှိစေချင်ရင် ကျွန်တော်တို့က ပိုအလုပ်လုပ်ရမှာပါ။ ထိုင်စောင့်နေလို့မရပါဘူး။ ကျွန်တော်တို့ လုပ်ပါမယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့က သုံးပွင့်ဆိုင် ယန္တရားဖော်ထုတ်ပြီးတော့ Monitoring task source ကို ကျွန်တော်တို့ ကိုယ်တိုင် လုပ်ပါမယ်။ အဲဒါတွေကို လုပ်မှသာလျှင် ချက်ချင်းသက်ရောက်မှုရှိမှာပါ။ အဲဒါကိုလည်း ၆ လလောက်အတွင်းမှာ ပုံသဏ္ဍာန်ပေါ်အောင် လုပ်နိုင်ဖို့ လိုပါတယ်။ လုပ်ပါမယ်ဆိုတာကို ကျွန်တော် တင်ပြချင်ပါတယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article