ရန်ကုန်၊ ဇွန် ၉
ဇွန် ၇ ရက်နေ့ ည ၁၀ နာရီကျော်အချိန်မှစတင်၍ သံတွဲမြို့နယ်ရှိ စစ်ရှောင်များ နေထိုင်သော ကျောက်ကြီးကျေး ရွာစာ သင်ကျောင်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ မိသားစု ၃ ဦး နှင့် စစ်ရှောင် အမျိုးသမီး ၁ ဦးလည်း သေဆုံးခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် ဒဏ်ရာရရှိသူ ၈ ဦး ရှိပြီး ၆ ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်း သိရှိရသည်။
စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲရာတွင် ဇွန်လ ၇ ရက်နေ့ ည ၁၀ နာရီ ၁၄ မိနစ်အချိန် တစ်ကြိမ်၊ ည ၁၀ နာရီ ၂၅ မိနစ်အချိန် တစ်ကြိမ်၊ စုစုပေါင်း နှစ်ကြိမ် ဗုံးနှစ်လုံးကျဲချခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် သေဆုံးသူများတွင် အသက် ၄၈နှစ်အရွယ် ဒေါ်အပု၊ အသက် ၄၂နှစ်အရွယ် ဦးထွန်းထွန်း၀င်း၊ အသက် ၄၃ နှစ်အရွယ်ရှိ ဒေါ်နှင်းဝေခိုင်၊ အသက် ၁၂ နှစ်အရွယ် မဧပြီမိုးတို့ ပါဝင်ကြောင်း သိရှိရသည်။
အဆိုပါ ဗုံးကျဲမှုကြောင့် ကျောက်ကြီးကျေးရွာသား ၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းအထဲက ၆ ဦးသည် ဒဏ်ရာပြင်းထန်ကာ အရေးပေါ် ဆေးကုသမှုများ ခံယူနေရကြောင်း သိရသည်။
အလားတူ ဇွန် ၇ ရက်နေ့ ည ၁၀ နာရီကျော်ခန့်အချိန် ပုဇွန်ဖြေရွာ စာသင်ကျောင်းကိုလည်း စစ်ကောင်စီ လေကြောင်းက ဂျက်တိုက်လေယာဉ်ဖြင့် ၂ ကြိမ် လာရောက် ဗုံးကြဲမှုကြောင့် အရပ်သား ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် ဇွန်လ ၇ ရက်နေ့ ညပိုင်း စစ်ကောင်စီက သံတွဲမြို၊အမှတ် ၈/က၊ ၆ လမ်းနှင့် ၇လမ်းကြားရှိ ဗုံးကြဲခဲ့ပြီး တစ်ညတည်းအတွင်း နေရာသုံးနေရာကို စစ်ကောင်စီက ဗုံးကြဲမှုကြောင့် နေအိမ်အများအပြားလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီက ဇွန်လ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိကို ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားကြောင်း ကြေ ညာထားသော်လည်း အရပ်သားများ နေထိုင်ရာ နေရာများနှင့် တော်လှန်ရေးတပ်စခန်း နေရာများကို ဗုံးကျဲတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေခြင်းဖြစ်သည်။
ဓာတ်ပုံ – သံတွဲမြို့နယ်က နေရာသုံးနေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားများ သေဆုံးနေစဉ်။
Photo- APM ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





