ရန်ကုန်၊ ဇွန် ၁၉
လားရှိုးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ကိုးကန့် MNDAA နှင့် ရှမ်းပြည်တိုးတက် ရေးပါတီ SSPP/SSA တို့အကြား အငြင်းပွားမှုများကို တွေ့ဆုံညှိနှိုင်းဆွေး နွေးခြင်းဖြင့် သဘောတူညီမှုရရှိကြောင်း ကိုးကန့်The Kokang က သတင်းထုတ် ပြန်သည်။
ဇွန် ၁၇ ရက်နေ့ MNDAAနှင့် SSPPတို့၏ တွေ့ဆုံဆွေးနွေးပွဲကို ကိုးကန့်အထူးဒေသ ၁ သိန္နီခရိုင် သံလွင်ကျေးရွာ တွင်ကျင်းပခဲ့ပြီး ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဘက်မှ ကိုယ်စားလှယ်အဖွဲ့က သက်သေအဖြစ် တက်ရောက်ခဲ့ကြောင်း၊ MNDAA ဘက်မှ အဆင့်အမြင့်အရာရှိကြီးများ ပါဝင်သော အဖွဲ့ တက်ရောက်ခဲ့ကြကြောင်း၊ SSPP/SSA ဘက်မှ ဒုတိယတပ်မှူးချုပ်ဗိုလ်ချုပ်ကြီး ဦးနိုင်ဖ (Nai Pa)ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါတွေ့ဆုံမှုတွင် နှစ်ဦးနှစ်ဖက်စလုံး စိတ်ဝင်စားသည့် လတ်တလောကိစ္စရပ်များနှင့်ပတ်သက်၍ နက်နက်ရှိုင်းရှိုင်း ဆွေးနွေးဖလှယ်ခဲ့ကြောင်း၊ “ကြီးသည့်အမှုငယ်အောင်၊ငယ်သည့်အမှုပပျောက်အောင်”ဆိုသည့် နိယာမကိုလက်ကိုင်ထားပြီး လတ်တ လောပေါ်ပေါက်လာသော အမြင်ကွဲလွဲမှုများနှင့် သဘောထားကွဲလွဲမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရန် သဘောတူညီခဲ့ကြကြောင်း သိရှိရသည်။
MNDAA ဘက်မှ မဟာမိတ်တပ်တော် ဒုတိယစစ်ဦးစီးချုပ်Mr. Peng De Jun က “MNDAA သည် အခြားမည်သည့် တိုင်းရင်း သား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းနှင့်မဆို ပဋိပက္ခ ဖြစ်ပွားလိုခြင်း မရှိပါ။ မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ နေထိုင်လိုပါသည်။ MNDAA သည် အခြားမည်သည့် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို ဖိနှိပ်ရန် မည်သည့်အခါမှ စိတ်ဆန္ဒမရှိခဲ့သလို၊ ယခုလည်း မရှိပါ။ အနာဂတ်တွင်လည်း လုံးဝ ရှိလာမည် မဟုတ်ပါ” ဟု ပြောဆိုသည်။
နှစ်ဖက်တပ်ဖွဲ့များအနေဖြင့် အဆင့်မြင့်ဆက်သွယ်ညှိနှိုင်းရေး ယန္တရားဖွဲ့စည်းရန် သဘောတူညီခဲ့ပြီး နှစ်ဖက်အလုပ်အဖွဲ့များ၏ ဆက်သွယ်ရေး တာဝန်ရှိသူများကို ချက်ချင်း သတ်မှတ်ပေးခဲ့ကြောင်း၊ တွေ့ဆုံမှုကို လက်တွေ့ကျ၍ ပွင့်လင်းမြင်သာသော ပတ်ဝန်းကျင်အတွင်း ကျင်းပခဲ့ပြီး နှစ်ဖက်စလုံး၏ အငြင်းပွားမှုများကို ထိန်းချုပ်ရန်နှင့် ပဋိပက္ခနည်းပါးစေရန် ဆွေးနွေးပွဲစကားဝိုင်းမှတစ်ဆင့် ကြိုးပမ်းအားထုတ်မှု၏ အပြုသဘောဆောင်သော သဘောထားကို အပြည့်အဝပြသခဲ့ကြောင်း သိရှိရသည်။
ဇွန်လ ၁ ရက်နေ့ လားရှိုးမြို့နယ်အတွင်း MNDAAနှင့် SSPP တပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၊ လားရှိုးမြို့နယ်၊ နားလိုင်ကျေးရွာအနောက်ဘက် ရွာအထွက်လမ်းကို SSPP/SSA စစ်ကြောင်းထွက်နေချိန် MNDAA တပ်မ အမှတ် ၆၁၁ လက် အောက်ခံတပ်က ခြုံခိုတိုက်ခိုက်၍ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ တိုက်ပွဲတွင် MNDAAတပ်ဖွဲ့ဝင် ၈ ဦးကျဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိကြောင်း၊ ယင်းနေ့ ညနေပိုင်း လားရှိုးမြို့နယ် ဟန်နားကျေးရွာ၌တိုက်ပွဲဆက်ဖြစ်ခဲ့ကြောင်း သိရှိရသည်။
MNDAAနှင့် SSPPတို့ သည် KIA ၊ AA၊ UWSA၊ NDAA၊ TNLA တို့ဖြင့် ဖွဲ့စည်းထားသော မြောက်ပိုင်း မဟာ မိတ် ၇ ဖွဲ့ဟု အများခေါ်ဆိုကြသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) တွင်ပါဝင်သော မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




