26.9 C
Yangon

ဖားကန့်တွင် မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာနေသူ ညီအစ်ကို ၂ ဦး သေဆုံး

Must read

ရန်ကုန် ၊ ဇွန် ၂၂

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်ရှန်ကုန်းကျေးရွာက ကျောက်စိမ်းလုပ်ကွက်မှာဇွန်လ ၂၀ ရက် ညပိုင်းက ဆုထူးပန် ကုမ္ပဏီရဲ့ စွန့်ပစ်မြေစာ ပြိုကျမှုကြောင့်ရေမဆေးကျောက် ရှာဖွေသူ ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကရပါတယ်။

မြေစာပုံပြိုကျမှုကြောင့် မြေပိသေဆုံးသူနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ကုမ္ပဏီတစ်ခုမှ ဘက်ဟိုးအကူအညီရယူ ရှာဖွေခဲ့ရာ မနေ့ ဇွန်လ ၂၁ ရက်နေ့ ညနေပိုင်းမှာ ၁ ဦး၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး နောက် ၁ ဦးကို ဆက်လက်ရှာဖွေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

” ရွှေမျောတိုက်ရင်း မြေဇာပိခဲ့တာ။ သေဆုံးသူက တရုတ် ညီအကို ၂ ယောက်ပါ။ ညီဖြစ်သူလို့ယူဆရတဲ့ ရုပ်အလောင်းကိုတော့ ရှာဖွေတွေ့ရှိခဲ့ပြီ။ ရှာဖွေတွေ့ရှိခဲ့တဲ့ ရုပ်အလောင်းက ဘက်ဟိုးနဲ့ကုပ်ရှာဖွေစဉ် ဘက်ဟိုးနဲ့ကုပ်မိတာကြောင့် ဦးခေါင်းမပါတဲ့ ခန္ဓာကိုယ်သာရရှိခဲ့တယ်။” လို့ဒေသခံတစ်ဦးက ပြောပါတယ်။

ရေမဆေးကျောက်ရှာဖွေသူ နှစ်ဦးကဆိပ်မူကျေးရွာမှကိုဇော်အောင်နှင့် ကိုအားစန်းတို့ဖြစ်ပြီး ဇွန်လ၂၀ ရက်ည ၆ နာရီအချိန်ကတည်းက ကျောက်ရှာဖို့ ထွက်သွားတာဖြစ်ပြီး ပြန်မလာတာကြောင့်လိုက်ရှာကနေ မြေစာပုံပြိုကျထားတဲ့ နေရာမှာ ယူဆောင်သွားတဲ့ မျောဖတ်ကို တွေ့ရှိခဲ့ရင်း မြေစာပုံပိ သေဆုံးခဲ့တာကို အတည်ပြုနိုင်တယ်လို့ ဆိုပါတယ်။

ဖားကန့်မှာ မိုးဆက်တိုက်ရွာသွန်းနေခဲ့တာ ၅ ရက်ခန့်ရှိနေခဲ့ပြီး ပြိုကျခဲ့တဲ့ မြေစာပုံဟောင်းက မိုးကာရွာအတက်လမ်းမှာရှိတဲ့ မြေစာပုံဟောင်း ဖြစ်တယ်လို့လည်းသိရပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီက ဖားကန့်မြို့နယ်အတွင်း ဝင်ရောက်လာပြီးနောက် ဖားကန့်မှာရှိတဲ့ ကျောက်လုပ်ကွက်တွေက စက်ယန္တယားတွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် စက်ယန္တယားတွေအားလုံးနီးပါး သိမ်းဆည်းကာ လုပ်ငန်းရပ်ထားလိုက်ကြတာကြောင့် အချို့နေရာ လုပ်ကွက်များမှာတော့ ရေမဆေးသမားများ ဝင်ရောက်ရှာဖွေခွင့်ရနေကြပါတယ်။

ဖားကန့်မှာ မြေစာပုံပြိုကျပြီး လူတွေ အစုလိုက်အပြုံလိုက် မကြာခဏသေဆုံးနေရသလို ၂ဝ၂ဝ ပြည့်နှစ်က ဖြစ်ခဲ့တဲ့ ဝှေခါမှော် ကျောက်စိမ်းလုပ်ကွက် ပြိုကျတာဟာ အဆိုးဆုံးဖြစ်ပြီး လူပေါင်း ၁၉၀ ကျော်သေဆုံးခဲ့ရပါတယ်။

၂၀၂၃ ခုနစ်အတွင်း ဗြိတိန်အခြေစိုက် Global Witness လူ့အခွင့်အရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံအရပ်ရပ်က လူပေါင်း ၄ သိန်းနီးပါးဟာ ဖားကန့်ဒေသမှာ ရေမဆေးကျောက် ရှာဖွေနေကြပြီး ဘေးကင်းလုံခြုံမှုမရှိတဲ့ အခြေအနေမှာ အလုပ်လုပ်ကိုင်နေကြရတယ်လို့ သိရပါတယ်။

(Connect Burma သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article