မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ငြိမ်းဇာနည် စစ်မှုထမ်းဟောင်းရုံးမှ အငြိမ်းစား တပ်ကြပ်ကြီး ထွန်းအောင်ကို ဖမ်းဆီးစဉ် ထွက်ပြေးသွား၍ ပစ်ခတ် ဖမ်းဆီးရာ သေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇွန်လ ၂၈ ရက် နံနက် ၉ နာရီခန့်တွင် ရေစကြိုမြို့နယ် ငြိမ်းဇာနည် စစ်မှုထမ်းဟောင်းရုံး တွင် တာဝန်ထမ်းဆောင်နေသော အငြိမ်းစား တပ်ကြပ်ကြီးထွန်းအောင်သည် ရေစကြိုမြို့အတွင်းမှ ဆိုင်ကယ်ဖြင့် ထွက်လာစဉ် မြို့အထွက်အရောက်၌ ရေစကြို ပကဖ မှ ရဲဘော်များက ဖမ်းဆီးရာ ထွက်ပြေးသွား၍ ပစ်ခတ် ဖမ်းဆီးစဉ် သေဆုံးခဲ့ကြောင်း သိရသည်။
“မြို့ထဲကနေ ဆိုင်ကယ်နဲ့ ထွက်လာတာကို တားပြီး အရှင်ဖမ်းတာ အရှင်ဖမ်းတာကို ထွက်ပြေးလို့ ပစ်ခတ်လိုက်ရတာ သူက တပ်ဘက်ကို သွားဖို့ပဲ အဲဒီဘက်ကတပ် ၃ တပ်ရှိတာဆိုတော့ ဘယ်တပ်ကို သွားဖို့လည်းတော့ မသိဘူး။ တပ်ရင်းတွေနဲ့ ငြိမ်းဇာနည်စစ်မှုထမ်းဟောင်းရုံးကို ကူးနေတာ သူတစ် ယောက်တည်းပါပဲ။ ကျနော်တို့ရဲဘော်တွေအားလုံးဘေးကင်းခဲ့ပါတယ်” ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ -ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
သေဆုံးသွားသော တပ်ကြပ်ကြီး ထွန်းအောင်သည် ရေစကြိုမြို့နယ် ငြိမ်ဇာနည်စစ်မှုထမ်းဟောင်း ရုံးတွင် တာဝန်ထမ်းဆောင်နေပြီး စစ်ကောင်စီတပ်အတွက် တက်တက်ကြွကြွ လုပ်ဆောင်ပေးနေသောကြောင့် အရေးယူရန် ဖမ်းဆီးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

