ရန်ကုန်၊ ဇွန် ၂၉
မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြီး ၃ လပြည့်ချိန် ယမန်နေ့ ညသန်းခေါင်ယံအချိန်နှင့် ယနေ့ နံနက်အစောပိုင်း အင်အားအသင့်အတင့်ရှိသော ငလျင် ၂ ကြိမ်လှုပ်ခတ်ခဲ့ကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်နှင့် သက်ဆိုင်ရာ၏ ငလျင်ဆိုင်ရာ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။
ယမန်နေ့ ဇွန်လ ၂၈ ရက်နေ့ ည ၁၁ နာရီ ၃၁ မိနစ်အချိန် တွင်လည်းကောင်း၊ ယနေ့ နံနက် ၂၉ နာရီ နံနက် ၀၀ နာရီ ၅၇ မိနစ်အချိန်တွင်လည်းကောင်း ငလျင် ၂ ကြိမ်လှုပ်ခတ်ခဲ့ကြောင်း သိရှိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် ယနေ့ ဇွန်လ ၂၉ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၀၀ နာရီ ၅၇ မိနစ်အချိန်ခန့်မန္တလေးတိုင်း၊ မြစ်သားမြို့၏အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄ ဒသမ ၈ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့မှ ပြည်သူတစ်ဦးက ယနေ့ နံနက် ၀၀ နာရီ ၅၇ မိနစ်အချိန် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ကျောက်ဆည်မြို့မှ ပြည်သူအများအပြား သိရှိလိုက်ကြကြောင်း၊ တိုက်အိမ်နှင့်နေသူတချို့မှာ တိုက်အပြင်ဘက်ထွက်၍ တစ်မနက်လုံး မအိပ်တော့ဘဲ ငလျင်ကို စိုးရိမ်စွာဖြင့် မိုးလင်းသည်အထိ ဖြတ်သန်းကြကြောင်း ပြောဆိုပြီး ပြင်ဦးလွင်မြို့နယ်နှင့် မြစ်သားမြို့နယ်တွင်လည်း ငလျင်ကို သိသာသာ ခံစားရသည်ဟု ဒေသပြည်သူများက ပြောဆိုကြသည်။
“ကျောက်ဆည်မှာ ငလျင်လှုပ်တာ အတော်ကို သိသာတယ်။ တိုက်အိမ်နဲ့လူတွေကတော့ အပြင်မှာ ထွက်ထိုင်နေကြတယ်။ ပြန်မအိပ်တော့ဘဲ မိုးလင်းကုန်တာ။ ဒီမနက်လှုပ်တဲ့ငလျင်က အသံကြီး ပါသလို ခံစားရတယ်”ဟု ကျောက်ဆည်မြို့မှ ပြည်သူတစ်ဦးက ရှင်းပြသည်။
အလားတူ ယမန်နေ့ ည ၁၁ နာရီ ၃၁ မိနစ်အချိန် မန္တလေးမြို့ပေါ်တွင် ငလျင်လှုပ်ခတ်မှုကို သိသိသာသာခံစားရကြောင်း မန္တလေးမှ ပြည်သူတချို့ ရှင်းပြကြသည်။
“မန္တလေးမှာ မနေ့ည ၁၁ နာရီ ၃၁ မိနစ်အချိန် ဆောင့်ဆွဲလိုက်သလိုပဲ ယိမ်းခနဲ ဖြစ်သွားတယ်။ အိမ်သားတွေ အားလုံးတော့ လန့်ကုန်တယ်။ လှုပ်ခတ်တဲ့အချိန်တော့ တိုပါတယ်။ ဆင်းတော့ မပြေးဖြစ်ကြဘူး” ဟု မန္တလေးမှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၈ ရက်နေ့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းတွင် နောက် ဆက်တွဲ ငလျင်ငယ်နှင့် ငလျင်လှုပ်ခတ်မှု စုစုပေါင်း အကြိမ်ရေ ၁၉၅ ကြိမ်ရှိလာပြီဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ဓာတ်ပုံ- မန္တလေးတွင် မတ်လ ၂၈ ရက်နေ့ စစ်ကိုင်းငလျင်ကြီးကြောင့် တိမ်းစောင်းသွားသော စိန်ပန်းကွန်ဒိုစီမံကိန်း မြင်ကွင်း။
