ရန်ကုန်၊ ဇွန် ၁၈
US App Store တွင် War of Heroes PDF ဂိမ်း က ထိပ်တန်း Top 10 ဂိမ်း စာရင်း ဝင်နေ သည်မှာ ၅ ရက်ရှိနေပြီ ဖြစ်ပြီး ၅ အတွင်း ဝင်ငွေ အမေရိကန် ဒေါ်လာ ၁၇,၀၀၀ ကျော်ရရှိကြောင်း PDF ဂိမ်း တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သို့ ပြောဆို သည်။
“Paid ဗားရှင်း US App store မှာ Top 10 စာရင်းဝင်နေတာ ငါးရက်ရှိပြီ။ ဒီ ငါးရက်အတွင်းရတာ USD 17,000 ကျော်သွားပြီးတော့ ခုနစ်ရက်စာကို မီး ဘေးသင့် စစ်ကိုင်းက စစ်ရှောင်ပြည်သူတွေကို လှူဖို့ စီစဉ်နေပါတယ် ။ PDF ဂိမ်းနဲ့ မိုင်ခရီး RIDE BEHIND KALAW, Play2Donate တို့ ပေါင်းပြီး ချင်း သိန်း ၁၀၀၀ ကမ်ပိန်းလုပ်ဖို့ရှိပါတယ်” ဟု PDF ဂိမ်း တာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သို့ ပြောကြားသည်။
PDF ဂိမ်း Paid ဗားရှင်းမှာ ကြောငြာ လုံးဝ မပါဝင်ဘဲ ငွေနှင့် ပေးဝယ် ရခြင်း ဖြစ်ပြီး လက်ရှိတွင် အများအပြား ဝယ်ယူနေကြကာ USD 100 ကျော်ဖိုး ဝယ်ယူ အားပေးကြသူများ ရှိကြောင်း၊ နိုင်ငံတကာ သတင်းစာမျက်နှာ အချို့တွင်လည်း PDF ဂိမ်းနှင့် ပတ်သက်၍ ဖော်ပြခံရခြင်းမျိုးရှိလာပြီး နိုင်ငံတကာမှ ဝင်ရောက် ဆော့ကစားနေသူများပါ ရှိပြီဖြစ်ကြောင်း PDF ဂိမ်းတာဝန်ရှိသူများ ထံမှ သိရှိရသည်။
အဆိုပါ PDF ဂိမ်းကို iOS App Store US တွင် ဝယ်ယူပါက 0.99 USD ကျသင့် မည်ဖြစ်ပြီး iPhone ကိုင်ဆောင်သူ ပြည်သူများမှ ဝိုင်းဝန်း Download ပြုလုပ်ပေးရန်နှင့် Top-10 စာရင်းတွင် အချိန်ကြာကြာ ရပ်တည် လာနိုင် သည်နှင့် ထပ်တူ နိုင်ငံတကာမှ Download ရယူသူများ ပိုမိုများပြားလာကာ ဝင်ငွေ ပိုမိုရရှိပြီး ပို၍ လှူဒါန်းလာနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။
Paid ဗားရှင်း Download ရယူသူများ ကိုယ်ပိုင်နံပါတ် တစ်ခုစီရရှိမည် ဖြစ်ပြီး Apple Watch Series 7 ကို မဲဖောက်ပေးသွားမည် ဖြစ်ကြောင်း၊ မကြာမီ Android သမားများအတွက်လည်း အစီအစဉ်သပ်သပ်ရှိကြောင်း PDF ဂိမ်း၏ စာမျက်နှာတွင် ဖော်ပြထားသည်။