တနင်္သာရီတိုင်း၊ ကော့သောင်းအကျဉ်းထောင်တွင် နိုင်ငံရေးပုဒ်မများဖြင့် အကျဉ်းချခံထားရသော အသက် ၅၄ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ဦးအေးလွင်မှာ ဆေးဝါးကုခွင့်မရဘဲ သေဆုံးသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင် ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၂၆ရက်နေ့ ည ၇ နာရီအချိန် ကော့သောင်းအကျဥ်းထောင်တွင်း နိုင်ငံရေးပုဒ်မဖြင့် အကျဥ်းချခံထားရသော အသက် ၅၄ နှစ်အရွယ် ဦးအေးလွင် သည် နာမကျန်းဖြစ်နေသည့်အတွက် ထောင်တွင်းမှ ၂ မိုင်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း အချိန်နှင့်တပြေးညီ လုံလောက်သောဆေးဝါးကုသမှု မရရှိဘဲ နှစ်မိုင်ဆေးရုံတွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။
လတ်တလော စိစစ်စောင့်ကြည့်မှုများအရ အကျဉ်းထောင်များတွင် ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိသဖြင့် သေဆုံးခဲ့ရသော နိုင်ငံရေးအကျဉ်းသား အရေအတွက်မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၃၀ ရက်နေ့ အထိ ၁၃ ဦး အထိ ရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားများ၏ သေဆုံးမှု သတင်းများကို ပြင်ပသို့ မပေါက်ကြားစေရန် သတင်းများ ဖုံးဖိခြင်း၊ မိသားစုဝင်များကို လက်မှတ်ထိုးခိုင်း၍ အကျပ်ကိုင်ခြင်း၊ ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်နေကြောင်း ကိုသိုက်ထွန်းဦးက ပြောဆိုသည်။
“ပြင်ပကို သတင်းမပေါက်ကြားဖို့ အကျဉ်းဦးစီးဌာနရော ရဲတပ်ဖွဲ့တွေက ရော သတင်းမပေါက်ကြားရေး လုပ် ဆောင်ထားတာတွေ့ရတယ်။ ဒါ့အပြင် အခုနောက်ပိုင်းမှာ မိသားစုဝင်တွေကိုပါ မိမိတို့ရဲ့ မိသားစုဝင် နိုင်ငံရေးအကျဉ်းသားသေဆုံးတာမျိုးဖြစ်ခဲ့ရင် အွန်လိုင်းမတင်ဖို့ ပြင်ပကို သတင်းမပေါက်ကြားစေဖို့ လက်မှတ်ထိုးခိုင်းတာ၊ သတင်းပေါက်ကြားရင် အရေးယူမယ်ဆိုတာမျိုး ခြိမ်းခြောက်တာမျိုးရှိတယ်။ ဒါကြောင့်မို့ သတင်းတွေ ရရှိဖို့ ခက်ခဲလာတယ်။ မြေပြင်မှာ နိုင်ငံရေးအကျဉ်းသားသေဆုံးမှု ဒီထက်ပိုပြီးများနိုင်တယ်။ ကျနော်တို့ကတော့ ဆက်လက် စောင့်ကြည့်သွားမှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ကိုသိုက်ထွန်းဦးက ရှင်းပြသည်။
လွန်ခဲ့သော ရက်ပိုင်းအတွင်းကလည်း မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် မန္တလေး အိုးဘိုထောင်အတွင်း မတရားဖမ်းဆီး ချုပ်နှောင်ခံထားရစဉ် ကွယ်လွန်ခဲ့ကြောင်း ၊အကြမ်းဖက်စစ်အုပ်စုလက် အောက်ခံ အကျဉ်းထောင်များတွင် ကျန်းမာရေးစောင့်ရှောက်မှု လုံလုံ လောက်လောက်မရရှိမှု နှင့် ဖိနှိပ်မှ်များကြောင့် နိုင်ငံရေးအကျဉ်းသားများအသက်ဆုံးရှုံး နေကြရကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်ထားသည်။
