ရန်ကုန်၊ ဇူလိုင် ၂
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် အိမ်ထောင်သည် ကလေးဖခင် ကိုသန်းထွန်းအောင်ကို စစ်မှုထမ်းရမည်ဟုဆိုကာ စစ်တပ်က ဝင်ရောက်ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသူ၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇူလိုင်လ ၁ ရက်နေ့ နံနက် ၇ နာရီ ၃၅ မိနစ်အချိန် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ အောင်ချမ်းအေးရပ်ကွက် ၃၆လမ်း ၇၀×၇၁ လမ်းကြား ရပ်ကွက် အုပ်ချုပ်ရေးမူးရုံးနှင့်မျက်နှာချင်းဆိုင် နေအိမ်တွင် နေထိုင်သော အသက် ၂၉ နှစ်အရွယ် ကိုသန်းထွန်းအောင်(ခ) တာတီးကို စစ်မှုထမ်းရန် မဲပေါက်ထားသည်ဟုဆိုကာ နေအိမ်အတွင်းသို့ စစ်တပ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ဝင်ရောက် ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။
“တာတီးမှာ ကလေးနဲ့ မိန်းမရှိတယ်။ မနက်အစောကြီး အိမ်ကို ဝင်စီးပြီး စစ်မှုထမ်း မဲပေါက်တယ်ဆိုပြီး ဝင်ဖမ်းတာ။ စစ်တပ်နဲ့အတူ ဝင်ဖမ်းတဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ဒိုင်တော် ရပ်ကွက် ရာအိမ်မှူး သိန်းဌေး၊ ကံလှရပ်ကွက် ဆယ်အိမ်မှူး ဦးစာဥ၊ အပိုင်း ၂ ရပ်ကွက် ရာအိမ်မှူး ညွန့်ရီနဲ့ အပေါင်းအပါတွေဖြစ်ပါတယ်” ဟု ဖမ်းဆီးခံရသူ ကိုသန်းထွန်းအောင်၏ မိတ်ဆွေက ရှင်းပြသည်။
အလားတူ ဇွန်လ ၃၀ ရက်နေ့ ညပိုင်း ဧရာ၀တီတိုင်း၊ မအူပင်မြို့ပေါ်တွင်လည်း အမှတ် ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဝင်းတင့်က လူငယ်များကို နေအိမ်အတွင်းသို့ ဝင်ရောက်ဖမ်းဆီးပြီး စစ်မှုထမ်း အဖြစ် စုဆောင်းလျက်ရှိရာ ကျန်းမာရေးမကောင်းမွန်သော ကိုသော်ဇင်ကို တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။
“စစ်မှုထမ်းရမယ်ဆိုပြီး မအူပင်မှာ အိမ်တွေထဲအထိ လူငယ်တွေကို ဝင်ဖမ်းတယ်။ ဖမ်းတာက အမှတ် ၁၂ ရပ် ကွက် အုပ်ချုပ်ရေးမှူး ဝင်းတင့်က ဖမ်းနေတာ။ စစ်မှုထမ်းကြေးဆိုပြီးတော့လည်း အိမ်တိုင်း အိမ်တိုင်းကနေ ငွေကောက်တယ်။ လူငယ်တွေကိုလည်း အတင်းဝင်ဖမ်းနေတာ။ အဲဒီမှာ ကျန်းမာရေးမကောင်းတဲ့ မောင်သော်ဇင်ကိုလည်း စစ်မှုထမ်းဖို့ဆိုပြီး သူ့မိသားစုတွေရှေ့မှာပဲ ရုန်းရင်းဆန်ခတ် ဝင်ဖမ်းသွားတယ်” ဟု မအူပင်မြို့မှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ဇူလိုင်လအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်း အပတ်စဉ် ၁၅ အတွက် နိုင်ငံတစ်ဝန်းမှ လူငယ်များကို စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်း၊ ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ အတင်းအကျပ် အဓမ္မ ခေါ်ဆောင်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း ပြည်သူများ၏ သတင်းပေးပို့ချက်များအရ သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
