27.5 C
Yangon

ဖားကန့်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး ပြည်သူတချို့ ညတွင်းချင်း စစ်ဘေးရှောင်ရ၊ စစ်တပ်က ဖားကန့်တစ်၀ိုက်ကို စစ်ကြောင်း ၄ ခုဖြင့် အထိုင်ချ စိုးမိုးရန် ကြိုးစားနေ

Must read

ရန်ကုန်၊ ဇူလိုင် ၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်တပ်က နေရာ ၂ ခုထက်မနည်းတွင် စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲများဖြစ်ပွားပြီး ပြည်သူများမှာလည်း ညတွင်းချင်း စစ်ဘေးရှောင်ရမှုများရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယမန်နေ့ ဇူလိုင်လ ၄ ရက်နေ့ ဖားကန့်မြို့နယ်၊ အမှိုက်ပုံကျေးရွာ၊ Jade Land ကုမ္ပဏီဝန်းကျင်တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်က စစ်ကြောင်းထိုးလာသည့်အပြင် ဖားကန့်မြို့ တပ်မကုန်းကလည်း လက်နက်ကြီးများဖြင့် တစ်ချိန်လုံး ပစ်ခတ်နေကြောင်း သိရှိရသည်။

“မနေ့ညက ဖားကန့်မြို့မှာ သေနတ်သံတွေ ဆူညံစွာ ကြားနေရတယ်။ ဖားကန့် တပ်မကုန်းကနေ ဖားကန့်ကုလားချောင်၊ ဖားကန့် ကုလားချောင်ကနေ ချိတ်လန်း ကုမ္ပဏီဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို KIA PDF ပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်နေတယ်။ အဲဒီအတွက် ဖားကန့်မြို့ကနေ လက်နက်ကြီး လက်နက်ငယ်သံတွေ ဆူညံစွာ ကြားနေရတယ်။ ပြီးရင် မနေ့မနက်မှာလည်း ဖားကန့် အမှိုက်ပုံနဲ့ ဖားကန့် သင်္ချိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်ကြောင်းကို KIA PDF ပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့ တိုက်ခိုက်နေတဲ့အတွက် တစ်နေကုန် တိုက်ပွဲ ပြင်းထန်နေတယ်။ လက်နက်ကြီး လက်နက်ငယ်သံတွေ ကြားရတယ်။ ဖားကန့် တပ်မကုန်းက လက်နက်ကြီး ပစ်ကူတယ်။ အဲဒီမှာ စစ်ကောင်စီစစ်ကြောင်းက အထိအခိုက်တွေများတယ်လို့ သိရတယ်။ မနေ့ က ဖားကန့်မှာ တိုက်ပွဲ ၂ နေရာဖြစ်နေတယ်။ စစ်ကောင်စီ စစ်ကြောင်း တစ်ကြောင်းက မှော်စီဇာ ဘုရားကုန်းမှာ ရှိနေတယ်” ဟု ဖားကန့်မြို့မှ ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

လတ်တတလော ဖားကန့်မြို့အနီးတ၀ိုက်မှ ပြည်သူများမှာ စစ်ဘေးရှောင်နေရပြီး ယမန်နေ့ညပိုင်း ကျောက်၀ိုင်းဘက်မှ ပြည်သူများလည်း ညတွင်းချင်း စစ်ဘေးရှောင်ရမှုများရှိနေကြောင်း သိရှိရသည်။

“လောလောဆယ် ဖားကန့်အနီးတစ်၀ိုက် မှော်ဝမ်းကြီး မှော်ဝမ်းလေး၊ အင်မားယာ အမှိုက်ပုံ က စစ်ရှောင်နေရတယ်။ မနေ့ညကဆိုရင် ဖားကန့် ကျောက်၀ိုင်း၊ ဖားကန့်မြို့အနီးတ၀ိုက်မှာ လက်နက်ကြီးလက်နက်ငယ်သံတွေကြားရတယ်။ စစ်ကောင်စီ စစ်ကြောင်းက ဖားကန့်ကျောက်၀ိုင်းအထိ အေးမြသာယာရပ်ကွက်ရုံးအထိ စစ်ကြောင်းထိုးလာတာရှိတယ်။ စစ်ကောင်စီစစ်ကြောင်းက အေးမြသာယာရပ်ကွက်ရုံးအထိ စစ်ကြောင်းထိုးတယ်။ ပြီးတော့ ကုလားချောင်ကနေ မှော်ဝမ်းဘက်တက်တဲ့လမ်းကိုလည်း စစ်ကြောင်းထိုးတယ်။ အမှိုက်ပုံဘက်ကိုလည်း စစ်ကြောင်းထိုးတယ်။ စစ်ကြောင်းက ၃ ကြောင်း၊ မှော်စီဇာ ဘုရားကုန်းမှာလည်း စစ်ကြောင်းထိုင်ထားတော့ စစ်တပ်က ၄ နေရာလောက် ထိုင်ထားတာပေါ့။ စစ်တပ်က စစ်ကြောင်းထိုးတော့ မမုံဘက်ကို ညတွင်းချင်း စစ်ဘေးရှောင်ကြရတယ်။ ဖားကန့် ၊ အေးမြသာယာ ဆန်းကြွယ်ဘက်မှာ စစ်တပ် ဝင်ရောက်လာလို့ ဆိုင်း‌တောင်ဘက်ကို ပြန်ပြေးကြရတယ်” ဟု ဖားကန့် အခြေစိုက် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ ဖားကန့်မြို့နယ်၊ အမှိုက်ပုံနှင့် သင်္ချိုင်းအနီးတွင် တိုက်ပွဲဖြစ်ပွားချိန် မှော်ဝမ်းကလေး​ ကျေးရွာမှ ပြည်သူ ၁ ဦးမှာ စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖားကန့်မြို့သို့ စစ်ကောင်စီတပ်က ရောက်ရှိလာသည်မှာ ၁ လကျော်ကြာမြင့်လာပြီဖြစ်ပြီး ၁ လကျော်အတွင်း တိုက်ပွဲများဖြစ်ပွားကာ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၄၅ ဦးသေဆုံးခဲ့ပြီဖြစ်ကြောင်း၊ ထို့ပြင် ဒဏ်ရာရရှိသူ ပြည်သူအရေအတွက်မှာလည်း ၁၀၀ ကျော်လာပြီဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article