စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးရွာနားရှိ ရေနံချက်ဖိုကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့် ပစ်ခတ်ဗုံးကျဲချသွား၍ ဆီပေပါများ၊ ကားများနှင့် ဆိုင်ကယ်များ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယနေ့ ဇူလိုင်လ ၆ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်တွင် အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
“ပြည်သူထိခိုက်မှု မရှိဘူး။ ဆိုင်ကယ်နဲ့ကားအပြင် ဆီပေပါတွေတော့ မီးလောင်တယ်။ ရေနံချက်ဖို ပစ်ခံရတာ”ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုကြောင့် လူအထိအခိုက်ရှိ၊ မရှိ မသိရသေးဘဲ အချိန်ကြာမြင့်စွာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။


