စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် PDF တပ်ဖွဲ့ထံ လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်လာသည့် စစ်ကောင်စီ တပ်သား ၁၇ ဦးကို အခမ်းအနားဖြင့် ကြိုဆို ဂုဏ်ပြုခဲ့ကြောင်း ဟုမ္မလင်းမြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၅ ရက်နေ့တွင် ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် နယ်မြေအတွင်းရှိ တော်လှန်ရေး အင်အားစု အဖွဲ့အစည်းများဖြစ်သော ခန္တီးခရိုင် အမှတ် ( ၁) ၊ အမှတ် (၂) ၊ အမှတ် (၃) ၊ အမှတ် (၄) တပ်ရင်းနှင့် ဟုမ္မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊တိုက်နယ် (၃)ပကဖ၊ တိုက်နယ် (၅)ပကဖ အဖွဲ့အစည်းများ ထံသို့ လက်နက်ခဲယမ်းများနှင့်အတူ စစ်ကောင်စီ တပ်သာ ၁၇ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက အခမ်းအနားဖြင့် ကြိုဆို ဂုဏ်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်သူ့ရင်ခွင်သို့ အလင်းဝင်လာသော စစ်ကောင်စီ တပ်သားများကို ကြိုဆို ဂုဏ်ပြုခြင်း၊ ဆုကြေးငွေများပေးအပ်ခြင်း ၊ အလင်းဝင်ရဲဘော်များမှ လက်နက်အပ်နှံခြင်းများ ပြုလုပ်ခဲ့ပြီး ဟုမ္မလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၏ ပင်လုံခန်းမတွင်ကျင်းပခဲ့ကြောင်း သိရှိရသည်။
ဂုဏ်ပြုပွဲအခမ်းအနားသို့ ခန္တီးခရိုင်ကွပ်ကဲရေးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ခန္တီးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ခန္တီးခရိုင် အမှတ် (၁) (၂) (၃) (၄) ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဟုမ္မလင်းမြို့နယ် ပကဖ ၊တိုက်နယ်/ ကျေးရွာ ပကဖ အဖွဲ့ဝင်များ၊ ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ရေးရာတာဝန်ခံများ၊ စိုးမိုးဒေသအတွင်းရှိ ပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ အားလုံးတက်ရောက်ပြီး အလင်းဝင်ရဲဘော်များကို ကြိုဆိုဂုဏ်ပြုခဲ့ကြောင်း သိရှိရသည်။
စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ဖြတ်နိုင်ဖို့အတွက် ကျန်နေသေးသော စကစ၊ SNA ရဲဘော်များမှလည်း အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသအတွင်းရှိ နီးစပ်ရာတပ်ရင်းတပ်ဖွဲ့များထံ ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်သို့ အလင်းဝင်ရောက်နိုင်ပါသည်။ တော်လှန်ရေးအင်အားစုများဘက်မှလည်း ပြည်သူများနှင့်အတူ ပူးပေါင်းလာမည့် စကစ၊ SNA ရဲဘော်များအားလုံးကို ကြိုဆိုလျက်ရှိပါကြောင်း ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က အသိပေး နှိုးဆော်ထားသည်။


