ရန်ကုန်၊ ဇူလိုင် ၇
အကြမ်းဖက်စစ်တပ်က နှစ်ပေါင်း ၃၀ ကြာ သိမ်းပိုက်ခဲ့သော KNU ဌာနချုပ်ဟောင်း မာနယ်ပလောကို ပြန်လည်ရရှိရေး စစ်ဆင်ရေးဖော်ဆောင်ခဲ့သော KNLA တပ်မှူး ၂ ဦးကို ကော်သူးလေရဲစွမ်းသတ္တိဆုတံဆိပ် ချီးမြှင့်လိုက်ကြောင်း KNU ကရင်အမျိုးသားအစည်းအရုံးက သတင်းထုတ်ပြန်သည်။
KNU ဗဟိုဌာနချုပ်ဟောင်းဖြစ်သော မာနယ်ပလောကို အကြမ်းဖက်စစ်တပ်က နှစ်ပေါင်း ၃၀ ကြာ တပ်စွဲ သိမ်းပိုက်ခဲ့ပြီး ယင်းဗျူဟာစခန်းအဆင့် ပွိုင့် ၉၁၃ ကို စစ်ကောင်စီလက်ထဲမှ ပြန်လည်ရရှိရန် စနစ်တကျ စီမံ၍ အောင်ပွဲနှင့်အတူ စစ်ဆင်ရေး ဦးဆောင်ခဲ့ကြသော KNLA ဒုတိယဗိုလ်မှူးကြီး စောခင်လေး၊ ဒုတိယဗိုလ်မှူးကြီး စောတင်မြင့်ထူးတို့ကို ဇူလိုင်လ ၅ ရက်နေ့ ကရင်အမျိုးသားတပ်မတော်နေ့တွင် ကော်သူးလေရဲစွမ်းသတ္တိဆုတံဆိပ် ချီးမြှင့်ကြောင်း သိရှိရသည်။
အဆိုပါ ဆုတံဆိပ်ကို KNLA ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ချီးမြှင့်ခြင်းဖြစ်ပြီး မာနယ်ပလောဒေသရရှိရေးစစ်ဆင်ရေးတွင် တိုက်ပွဲဝင်ခဲ့ကြသော အောင်ပွဲရ စစ်သည်တော်များကိုလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဌာနချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ကော်သူးလေရဲစွမ်းသတ္တိဆုတံဆိပ် ချီးမြှင့်ခံရသော ဒုတိယဗိုလ်မှူးကြီး စောခင်လေးမှာ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်စစ်ဌာနချုပ်- ပြောက်ကြားတပ်ဖွဲ့ တာဝန်ခံဖြစ်ပြီး ဒုတိယဗိုလ်မှူးကြီး စောတင်မြင့်ထူး မှာ KNU တပ်မဟာ-၇၊ KNLA တပ်ရင်း ၂၂ တပ်ရင်းမှူးဖြစ်ကြောင်း သိရှိရသည်။
KNU ဌာနချုပ်ဟောင်း မာနယ်ပလောဖြစ်သော ပွိုင့် ၉၁၃ စခန်းကုန်းကို စစ်ကောင်စီလက်ထဲမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် KNLA ပူးပေါင်းတပ်များက ပြန်လည် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




