ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့ တဇောင်ရိုးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်မှ ထွက်ပြေးသည့် စစ်ကောင်စီ တပ်သား ၅ ဦးကို လိုက်လံ ပစ်ခတ် ဖမ်းဆီးရာ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၈ ရက်နေ့ ညပိုင်းတွင် အသုတ်မြို့ တဇောင်ရိုး ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်မှ စစ်ကောင်စီ တပ်သား ၅ ဦးသည် စခန်းတွင်းမှ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ ထွက်ပြေးသူ ၅ ဦးကို ကျန်ရှိနေသော စစ်သားများက လိုက်လံ ပစ်ခတ် ဖမ်းဆီးစဉ် ဌက်ပျောတော အတွင်း၌ ၁ ဦး သေဆုံးကာ တဇောင်းရိုးရွာ အထွက် ဆီဆိုင်အနီးတွင် ၂ ဦး ပြန်လည် ဖမ်းဆီးခံရပြီး ၂ ဦးမှာထွက်ပြေးလွတ်မြောက်သွားကြောင်း သိရှိရသည်။
ထိုသို့ ထွက်ပြေး လွတ်မြောက်နေသော စစ်ကောင်စီ တပ်သား ၂ ဦးကို အသုတ်မြို့ ရဲစခန်းမှူး ဇော်နိုင်ထွန်းက သေနတ် ခါးထိုး၍ ရာထူးတက်ရန် လိုက်လံ ရှာဖွေဖမ်းဆီးနေပြီး ရဲစခန်းအတွင်းမှ ရဲတပ်သားများကိုလည်း ရှာဖွေဖမ်းဆီးပေးရန် ဖိအားပေး လုပ်ဆောင်ခိုင်းနေကြောင်း သိရသည်။
” ၅ ယောက်ထွက်ပြေးတာ ၁ ယောက်ကတော့ ဌက်ပျောတောထဲမှာ ကျည်မှန်ပြီး သေသွားပြီလို့ သိရတယ်။ ၂ ယောက်ကိုတော့ တဇောင်းရိုးရွာ အထွက်က ဆီဆိုင်နားမှာ ပြန်ဖမ်းမိတယ်။ ကျန် ၂ ယောက်ကတော့ လွတ်နေတယ်။ လွတ်နေတဲ့ ၂ ယောက်ကို အသုတ်မြို့ ရဲစခန်းမှူး ဇော်နိုင်ထွန်းက သေနတ် ခါးထိုးပြီး ရာထူးတက်ဖို့ ရအောင်ဖမ်းမယ်ဆိုပြီး ကြွေးကြော်နေတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။
