ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်တပ်၏ နောက်ဆုံး လက်ကျန်စခန်းဖြစ်သော ဝေါလေဗျူဟာ၏ လက်နက် တိုက်ကို ဒရုန်းဖြင့် ဗုံးကျဲဖျက်ဆီးခဲ့ကြောင်း Force for Federal Democracy – FFD တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဇူလိုင်လ ၁၂ ရက်နေ့ တွင် ဝေါလေဗျူဟာစခန်းတွင် ကြီးမားသော ပေါက်ကွဲမှုကြီးတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း ထိုင်းသတင်းဌာနများအားလုံးက သတင်းဖော်ပြခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုမှာ FFD Drone တပ်ဖွဲ့ နှင့် တပ်မဟာ ၆ Drone တပ်ဖွဲ့တို့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ဝေါလေစစ်ကောင်စီတပ်စခန်း၏ လက်နက်တိုက် ပေါက်ကွဲခြင်းဖြစ်ကြောင်း ယနေ့မှ သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။
“ဝေါလေဗျူဟာစခန်းကလည်း တော်လှန်ရေးတပ်တွေ အကုန်၀ိုင်းပြီး ပိတ်ဆို့ထားတယ်။ စစ်ကူလည်း မလာနိုင်သလို ပြေး ပေါက်လည်း မရှိဘူး။ စောစောစီးစီးလက်နက်ချရင် အသက်တွေ ချမ်းသာရာရမယ်။ ရက်ပိုင်းအတွင်း အဖြေထွက်ပါလိမ့်မယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီကမူ ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် ဝေါလေစခန်း မကျဆုံးစေရေးအတွက် လေယာဉ်ဖြင့် ဗုံးကျဲမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ သို့ရာတွင် တော်လှန်ရေးတပ်များဘက်မှ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
ယနေ့ မွန်းလွဲပိုင်း စစ်ကောင်စီက ဝေါလေစခန်းကို ပိတ်ဆို့ တိုက်ခိုက်နေသော တော်လှန်ရေးတပ်များကို လေယာဉ်ဖြင့် ဗုံးကျဲရာတွင် Yak-130 အမျိုးအစား တိုက်လေယာဉ် ၂ စီးကို အသုံးပြုခဲ့ပြီး ဗုံး ၇ လုံးကျဲချခဲ့ကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်တစ်ခုလုံးတွင် စစ်ကောင်စီ၏ တပ်စခန်း ၂ ခုသာ ကျန်ရှိတော့ပြီး ဝေါလေ ဗျူဟာစခန်းနှင့် တီသဲလယ်စခန်းတို့ဖြစ်သည်။


