ရန်ကုန်၊ ဇူလိုင် ၁၇
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ညနေပိုင်း Y-12 လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၀ ဦးကျော် သေဆုံးခဲ့ ထိခိုက် ဒဏ်ရာရရှိသူ များပြားကြောင်း Wetlet Informational Network တာဝန်ခံ ကိုနဂါးလေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်တွင် ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ ရှားကွဲရွာ၊ ငါးပတ်ချောင်းရွာနှင့် ရေလည်မော်ရွာ တို့ကို တံတားဦးလေတပ်မှ တက်လာသော Y-12 လေယာဉ် ၁ စီးက ဗုံးအမြောက်အများ ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ရှားကွဲရွာမှ ပြည်သူ ၇ ဦးနှင့် ငါးပတ်ချောင်းရွာမှ ပြည်သူ ၈ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကာ အရေအတွက်ကို အတည်ပြုနိုင်ရန် ဆက်လက် စုံစမ်းနေကြောင်း သိရှိရသည်။
“ညနေ ၅ နာရီကျော်ခန့်က Y-12 ၁ စီးနဲ့ ဗုံးကျဲတာက ရှားကွဲရွာက ပြည်သူ ၇ ဦးရယ်၊ ငါးပတ်ချောင်းရွာက ပြည်သူ ၈ ဦး သေဆုံးတယ်။ ၂ ရွာလုံးမှာ အထိအခိုက်က တော်တော်များတယ်။ စာရင်း အတိအကျ ရနိုင်ဖို့ ကျနော်တို့ ဆက်လက် စုံစမ်းနေတယ်။ ရေလည်မော်ရွာ ပျက်စီးမှုကိုတော့ မသိရသေးဘူး” ဟု Wetlet Informational Network တာဝန်ခံ ကိုနဂါးလေးက ပြောဆိုသည်။
