စစ်တပ် လက်အောက်ခံ နိုင်ငံရေးပါတီဖြစ်သော ကြံ့ဖွတ်ပါတီသို့ ဝင်ရောက်ထားလျှင် စစ်မှု ထမ်းအဖြစ် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးမှုများ ကင်းဝေးမည်ဆိုသော ကတိကဝတ်ဖြင့် ပါတီဝင်လူငယ် ထောင်ချီ စုဆောင်းရရှိထားကြောင်း မကြာသေးမီက ကြံ့ဖွတ်ပါတီအတွင်းသို့ ဝင်ရောက်ခဲ့ကြသော လူငယ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရန်ကုန်တိုင်းအတွင်း ဧပြီလမှစတင်၍ ကြံ့ဖွတ်ပါတီအတွင်းသို့ ဝင်ရောက်ကြရန် မြို့နယ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ စည်းရုံးရေးများ လုပ်ဆောင်ခဲ့ရာတွင် လူငယ်အများစုကို စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးမှု မခံလိုပါက လူငယ်များအနေဖြင့် ကြံ့ဖွတ်ပါတီအတွင်းသို့ ဝင်ရောက်ကြရန်၊ အခန့်မသင့်၍ စစ်တပ်၏ စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီး ခံရပါကလည်း ကြံ့ဖွတ်ပါတီ၏မြို့နယ်၊ တိုင်းနှင့် ဗဟိုအဆင့်ဆင့်က စစ်မှုထမ်းအဖြစ် ဖမ်းဆီးခံရခြင်းမှ ချက်ချင်း လွတ်မြောက်လာစေရေး အရေးပေါ် ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ဆိုသော ကတိကဝတ်ပေးခဲ့ကြောင်း သိရှိရသည်။
“လှိုင်သာယာအနောက်ပိုင်းမြို့နယ် အမှတ် ၁၈ ရပ်ကွက် အုပ်ကြီး ဦးမောင်က ပြည်ခိုင်ဖြိုးပါတီ ဝင်ထားရင် စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးတာမျိုး မဖြစ်စေရဘူး။ အခြားမြို့နယ်၊ ရပ်ကွက်တွေမှာဖြစ်ရင်လည်း ပါတီရဲ့ မြို့နယ်၊ တိုင်းအဆင့်ကနေ ချက်ချင်းလိုက်ဖြေရှင်းပေးမယ်ဆိုပြီး ပြောတယ်။ လှိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုးပါတီကလည်း စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲအဖမ်းခံရရင် ဒါက ဥပဒေနဲ့မညီလို့ ချက်ချင်းဖြေရှင်းပေးနိုင်တယ်ဆိုပြီး ကတိပေးတယ်။ လှိုင်သာယာမှာ လူငယ် ၃၀၀ လောက် ပြည်ခိုင်ဖြိုးပါတီဝင် အဖြစ် ဝင်ကြတယ်။ အဓိက စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ အဖမ်းခံရရင် ရှင်းပေးမယ်ဆိုတဲ့ ကတိကဝတ်ကြောင့်” ဟု လှိုင်သာယာမြို့နယ် ၊ အမှတ် ၁၈ ရပ်ကွက်မှ အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးက ရှင်းပြသည်။
စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ အဖမ်းမခံရရေး ကတိကဝတ်ဖြင့် ရန်ကုန်တိုင်းတွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်ထောင်ချီ၍ ကြံ့ဖွတ်ပါတီက ပါတီဝင် အဖြစ် စုဆောင်းရရှိခဲ့သည်ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်တချို့က ရှင်းပြသည်။
ဇူလိုင်လ ၁၃ ရက်နေ့ ရန်ကုန်မြို့တွင် ပါတီဝင်အသစ် ၃၈၇၅ ဦး ခန့်အပ်လွှာ ပေး အပ်ပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီ တက်ရောက်ခဲ့ကာ လူငယ်များအပါအဝင် ပြည်သူများ၏ ဒုက္ခသည် ပါတီ၏ ဒုက္ခဖြစ်ကြောင်း၊ ထို့ကြောင့် ပါတီက ပြည်သူ၏ ဒုက္ခမှန်သမျှကို ဖြေရှင်းပေးမည်ဖြစ်ကြောင်း ခင်ရီက ပြောဆိုခဲ့သည်။
မရမ်းကုန်းမြို့နယ်မှ ကြံ့ဖွတ်ပါတီသို့ ဝင်ရောက်ခဲ့သော အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးကမူ လတ်တလော စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးမှုများ အလွန်များပြားလာနေ၍ မိဘများ၏ တိုက်တွန်းမှုဖြင့် ကြံ့ဖွတ်ပါတီသို့ ဝင်ရောက်ခဲ့ကြောင်း၊ နိုင်ငံရေးအရ မနှစ်သက်သော်လည်း မိဘများ၏ တိုက်တွန်းမှုနှင့် စစ်မှုထမ်း အတင်းအကျပ် အဖမ်းခံရမည်ကို စိုးရိမ်၍ ပါတီဝင်ထားခြင်းဖြစ် သည်ဟု ပြောဆိုသည်။
“ဂျပန်သွားဖို့ ဂျပန်စာ စာမေးပွဲ ဖြေနေပါတယ်။ ဂျပန်မထွက်ခင် ပေါ်တာအဆွဲခံရမှာလည်း ကြောက်တယ်။ အဖေနဲ့ အမေကလည်း စိုးရိမ်လို့ ပါတီဝင်ထားတာပါ” ဟု မရမ်းကုန်းမြို့နယ်မှ ကြံ့ဖွတ်ပါတီဝင်လူငယ်အမျိုးသားက ဆိုသည်။
စစ်ကောင်စီက စစ်မှုထမ်းရန် မိန်းကလေးများကို ခေါ်ယူမည်ဆိုပါကလည်း ကြံ့ဖွတ်ပါတီဝင်ထားသော ပါတီဝင် အမျိုးသမီးငယ်များကို စစ်မှုထမ်း အဖြစ် မခေါ်ယူရေး ပါတီက ဆောင် ရွက်ပေးနိုင်သည်ဟုဆိုကာ လူငယ် အမျိုးသမီးများကိုလည်း ပါတီဝင်အဖြစ် ကြံ့ဖွတ်ပါတီက စုဆောင်းခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ရန်ကုန်တိုင်းအတွင်းတွင် ဆိုင်ကယ်စီးနင်းလိုသူများ၊ ဆိုင်ကယ်ကယ်ရီ ဘေးတွဲ မောင်းသူများအားလုံးကိုလည်း ကြံ့ဖွတ်ပါတီ ဝင်ရောက်ထားပါက မည်သည့် ယာဉ်ထိန်းရဲကမှ မဖမ်းဆီးရန် အာမခံကြောင်း၊ လိုင်စင်မရှိလျှင် ကြံ့ဖွတ်ပါတီဝင်ကတ်ပြား ပြ၍ ဆိုင်ကယ်နှင့်ဘေးတွဲများ မောင်းနှင်နိုင်ကြောင်း၊ ကြံ့ဖွတ်ပါတီ အာဏာရရှိလာပါက ဘေးတွဲများအားလုံး လိုင်စင်များ ချက်ချင်း ထုတ်ပေးမည်ဟု စည်းရုံးထားကြောင်း သိရှိရသည်။
အလားတူ ရွှေပြည်သာ၊ ဒဂုံမြို့သစ်မြို့နယ်များတွင်လည်း ပြည်သူများအနေ ဖြင့် ကြံ့ဖွတ်ပါတီ ဝင်ထားပါက စစ်တပ်၊ ရဲနှင့် မည်သည့်အဖွဲ့အစည်းကမှ အနိုင် မကျင့်နိုင်ဟု ပြောဆိုစည်းရုံးခဲ့ကြောင်း သိရှိရသည်။


