ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော သီပေါမြို့ကို ယမန်နေ့ ညသန်းခေါင်ယံအချိန် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်အချိန်နှင့် ည ၁၁ နာရီ ၄၆ မိနစ်အချိန်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခြင်းဖြစ်ကြောင်း၊ ဗုံးကျရောက်ပေါက်ကွဲသော နေရာမှာ အမှတ် ၁ အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် သီပေါအကျဉ်းထောင်လိုင်းခန်းတို့ဖြစ်ကြောင်း သိရှိရသည်။
“အခုထက်ထိတော့ လူထိခိုက်မှု ရှိတာ မကြားရသေးဘူး။ မနေ့ညက ဗုံးကျဲသွားတာ ကျောင်းနဲ့ ထောင်ဘက်ကို ကျဲတယ်လို့ ကြားရပါတယ်။ သီပေါက မကြာခဏ ဗုံးကျဲခံနေရတော့ တော်တော်များများတော့ မြို့ကနေရှောင်ကုန်ကြပြီ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က သီပေါမြို့ကို မကြာခဏဆိုသလို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိပြီး ပြည်သူများထိခိုက်သေဆုံးကာ အဆောက်အအုံနှင့်နေအိမ်များ ပျက်စီးလျက်ရှိသည်။
ဇူလိုင်လ ၁၄ ရက်နေ့ ညနေ ၆ နာရီအချိန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသူ ပြည်သူ ၂ ဦးမှာ သီပေါမြို့ လားရှိုး – မန္တလေး လမ်းပေါ်တွင် ဖွင့်လှစ်ထားသော ရွှေလုံးအလှပြင်ဆိုင်ပိုင်ရှင်နှင့် ဆိုင်ကယ် ကယ်ရီးသမားတစ်ဦး တို့ဖြစ်သည်။
ဇူလိုင်လ ၄ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန် သီပေါမြို့ပေါ် ဆေးရုံကြီး၊ ရင်ခွဲရုံဘေး ခွဲစိတ်ဆောင်နှင့် နမ့်ပေါ့တံ တား အနီးရှိ စိုက် ပျိုးရေးရုံးတို့ကို စစ်ကောင်စီက တိုက် လေယာဉ်များဖြင့် ဗုံးကျဲချခဲ့သည်။
ဓာတ်ပုံ- ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ ညနေပိုင်း သီပေါမြို့ကို စစ်လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် ပြည်သ ၂ ဦးထိခိုက်သေဆုံးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
