မွန်ပြည်နယ်၊ သထုံထောင်တွင် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသား ဘီးလင်းမြို့နယ် NLD အလုပ်အမှုဆောင် ဦးပြည့်စုံအောင် ရုတ်တရက် ကွယ်လွန်သွားပြီး ထောင်က နေ့ချင်း အလောင်းကို မီးသဂြိုလ်လိုက်ကြောင်း မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် နိုင်ငံရေးအကျဉ်းသား ဘီးလင်းမြို့ နယ် NLD အလုပ်အမှုဆောင် ဦးပြည့်စုံအောင် ရုတ်တရက် ကွယ်လွန်သွားခြင်းဖြစ်ပြီး ယင်းနေ့ ညနေ ၄ နာရီ ၅၂ မိနစ်အချိန်တွင် အကျဉ်းထောင်က အလောင်းကို ချက်ချင်းမီးသဂြိုလ်ပစ်လိုက်ကြောင်း သိရှိရသည်။
“မနက် ၁၁ နာရီလောက်မှာ အသက်ရှုကျပ်တယ်ဆိုပြီး ပြောတယ်။ မွန်းလွဲ ၁ နာရီလောက်မှာ ထောင်ထဲမှာ ကွယ်လွန်သွားတာ။ ဘာကြောင့် ဆုံးလဲဆိုတာ ရင်ခွဲစစ်ဆေးတာတွေ မရှိဘူး။ ညနေမှာ ထောင်ဘက်ကနေ ချက်ချင်း မီးသဂြိုလ်လိုက်တယ်” ဟု မိတ် ဆွေဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဘီးလင်းမြို့ နယ် NLD အလုပ်အမှုဆောင် ဦးပြည့်စုံအောင်သည် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံတစ်ဦးလည်းဖြစ်ပြီး ပုဒ်မ ၅၀၅ (က) အပါအဝင် နိုင်ငံရေးပုဒ်မများစွာဖြင့် စစ်တပ်က ထောင်ဒဏ် ၆ နှစ်ချမှတ်ခံထားရသူလည်းဖြစ်သည်။
ကျန်ရစ်သူမိသားစုက အသက် ၄၄ နှစ်အရွယ် ကွယ်လွန်သူ ဦးပြည့်စုံအောင်၏ နာရေးရက်လည်ကို ဘီးလင်းမြို့နယ်၊ နေအိမ်တွင် ဇူလိုင်လ ၂၅ ရက်နေ့ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
