ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် ပစ်ခတ်ပေါ်တာဆွဲ ဖမ်းဆီးခြင်းကြောင့် လူငယ် ၄၀ ကျော် ဖမ်းဆီးခံရပြီး ပြည်သူ ၁ ဦး ကျည်ထိမှန်ကာ နေအိမ်များကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင် ၂၂ ရက်နေ့ အုတ်ဖိုမြို့နယ်၊ ကျက်ဆူတောရွာမှ လူငယ်များကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဝင်ရောက်ပေါ်တာဆွဲစဥ် ထွက်ပြေးသူများကို လိုက်လံ ပစ်ခတ် ဖမ်းဆီးရာ ကျေးရွာနေ ပြည်သူ ဒေါ်စမ်းအေး ကျည်ထိမှန်ကာ သာယာဝတီ ဆေးရုံကို တင်ဆောင်ထားရကြောင်း သိရသည်။
ယင်းနေ့ နံနက်ပိုင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အုတ်ဖိုမြို့နယ်၊ ဆယ်ရွာကိုလည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဝင်ရောက် စီးနင်းပြီး အမျိုးသား ၄၀ ကျော်နှင့် အမျိုးသမီး တချို့ကိုလည်း ဖမ်းဆီးသွားကာ ဖုန်းများကိုလည်း သိမ်းဆည်းသွားကြောင်း သိရှိရသည်။
ဇူလိုင် ၂၃ ရက်နေ့ နံနက်ပိုင်းတွင်လည်း အကြမ်းဖက် စစ်ကောင်စီတပ်သားများက ဆယ်ရွာအနီးရှိ မင်းလှဆည်ဘောင်ပေါ်ကို ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးရာ ပြည်သူများ မရှိသောကြောင့် နေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
“၂၂ ရက်နေ့မှာ အုတ်ဖို ဆယ်ရွာကို စစ်ခွေး စစ်ကြောင်းက ဝင်စီးတာ ပြည်သူတွေရဲ့ မိုလ်ဘိုင်းဖုန်းတွေကို သိမ်းယူပြီး အမျိုးသား ၄၀ ကျော်နဲ့ အမျိုးသမီး တချို့ကို ဖမ်းဆီးသွားတယ်။ အဲနေ့မှာပဲ ကျက်ဆူတောရွာကို ထပ်ပြီး ဝင်ရောက်စီးနင်းတာ လူငယ်တွေ ထွက်ပြေးလို့ဆိုပြီး ပစ်ခတ်ဖမ်းဆီးတာ ဒေါ်စမ်းအေး ကျည်ထိမှန်ပြီး သာယာဝတီဆေးရုံမှာ တင်ထားရတယ်။ မင်းလှဆည်ဘောင်ပေါ်ကိုလည်း ဝင်ရောက် စီးနင်းတာ ပြည်သူတွေ ထွက်ပြေးသွားလို့ နေအိမ်တွေကို မီးရှို့သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ၎င်းတို့ဖမ်းဆီးသွားသူများထဲမှ အမျိုးသမီးများကို ဇူလိုင် ၂၃ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ သော်လည်း အမျိုးသား ၄၀ ကျော်ကို လက်ရှိအချိန်ထိ ဆက်လက်ဖမ်းဆီးထားကြောင်း သိရသည်။
